အီဂျစ် ဘုရားကျောင်းတစ်ခုကို အိုင်အက်စ်သေနတ်သမားတစ်ဦး လာရောက်ပစ်ခတ်သွား၍ လူ ကိုးဦး သေဆုံး

အီဂျစ် ဘုရားကျောင်းတစ်ခုကို အိုင်အက်စ်သေနတ်သမားတစ်ဦး လာရောက်ပစ်ခတ်သွား၍ လူ ကိုးဦး သေဆုံး

ဒီဇင်ဘာ ၃၀ ။          ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ပိုင်းမှာ ရှိတဲ့ ဘုရားကျောင်းတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က သေနတ်သမားတစ်ဦး လာရောက်ပစ်ခတ်တိုက်ခိုက်သွားခဲ့ရာ အနည်းဆုံး လူ ကိုးဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ယခုဖြစ်စဉ်ဟာ ယင်းနိုင်ငံမှာရှိတဲ့ ခရစ်ယာန် လူနည်းစုအသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ယခု ပစ်ခတ်တိုက်ခိုက်မှုဟာ ကိုင်ရိုမြို့ တောင်ဘက် ဟယ်လ်ဝန် ခရိုင်ရှိ Saint Mina Coptic ဘုရားကျောင်းမှာ ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။

ယခုတိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ် နိုင်ငံတော် အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်သွားခဲ့ပါတယ်။

ယခု ဖြစ်စဉ်မှာတော့ လူကိုးယောက် သေဆုံးပြီး အခြားအများအပြား ဒဏ်ရာရသွားခဲ့ပေမယ့် သေနတ်သမားကိုတော့ ပစ်ခတ်ရှင်းလင်းလိုက်နိုင်ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ခါလက်ဒ် မက်ဂါဟက်က ပြောပါတယ်။

သို့ပေမယ့်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာတော့ သေနတ်သမားဟာ အသက်အသေဘဲ ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ ၎င်း သေနတ်သမား အမျိုးသားနဲ့အတူ ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် ၁၅၀ နဲ့ ဗုံးတစ်လုံးကိုပါ သိမ်းဆည်းရမိထားတယ်လို့လည်း ယင်းက ထုတ်ပြန်ပါတယ်။ ၎င်းဟာ ဘုရားကျောင်းကို ဖောက်ခွဲပစ်ဖို့အထိပါ ကြံစည်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ယခုတိုက်ခိုက်မှုမှာတော့ ၎င်းသေနတ်သမားဟာ စတိုးဆိုင်တစ်ခုမှာ လူနှစ်ဦးကို အရင် ပစ်သတ်ခဲ့ပြီးမှ ဘုရားကျောင်းကို ရောက်လာပြီး ရဲတစ်ဦးအပါအဝင် ကျန် ခုနစ်ဦးကို ပစ်သတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly