အိန္ဒိယ အဆောက်အအုံတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၁၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယ အဆောက်အအုံတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၁၅ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၂၉

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က အဆောက်အအုံတစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက် မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ အဆောက်အအုံ အပေါ်ဆုံး ခေါင်းမိုးထပ်မှာ ပါတီပွဲတစ်ခု ကျင်းပနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြို့လယ်ခေါင်မှာ ရှိတဲ့ ယင်းအဆောက်အအုံ အပေါ်ဆုံးထပ် စားသောက်ဆိုင်တစ်ခုကနေ စတင်လောင်ကျွမ်းခဲ့တဲ့ မီးက လျင်လျင်မြန်မြန်ပဲ ကူးစက်ပြန့်နှံ့ကာ နာရီဝက်အတွင်း အဆောက်အအုံတစ်ခုလုံးနီးပါးကို ၀ါးမြိုသွားခဲ့ကြောင်း မီဒီယာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မီးထဲပါသွားပြီး သေဆုံးသွားသူ အများစုကတော့ အဆိုပါ စားသောက်ဆိုင် ပါတီပွဲ တက်လာတဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ မွမ်ဘိုင်း သဘာဝဘေးစီမံမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

မီးလောင်ကျွမ်းရခြင်းရဲ့ အကြောင်းရင်းကို ယခုအချိန်မှာ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း မွမ်ဘိုင်း ရဲတပ်ဖွဲ့အရာရှိ ဂျေကူးမားက ပြောသွားခဲ့ပါတယ်။  

မီးလောင်မှု ဖြစ်ပွားပြီး လူဒါဇင်နဲ့ချီကို ဆေးရုံတွေသို့ ပို့ဆောင်ပေးခဲ့ရပြီး ၎င်းတို့အနက် နှစ်ဦးကတော့ လက်ရှိအချိန်မှာ အခြေအနေစိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly