နိုင်ဂျီးရီးယားမှ လူစည်ကားသောစျေးတစ်ခု၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆ ဦးခန့်သေဆုံး

နိုင်ဂျီးရီးယားမှ လူစည်ကားသောစျေးတစ်ခု၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆ ဦးခန့်သေဆုံး

 

ကာနို၊ နိုင်ဂျီးရီးယား၊ ဒီဇင်ဘာ ၂၉ ။                ။ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ လူစည်ကားသောစျေးတစ်ခု၌ ကြာသာပတေးနေ့က အသေခံဗုံးခွဲသမားတစ်ဦး ၏ လက်ချက်ကြောင့် လူ ၆ ဦးခန့်သေဆုံးခဲ့ရကြောင်း လုံခြံုရေးတပ်ဖွဲ့များက ဆိုခဲ့ပြီး ထိုတိုက်ခိုက်မှုသည် ဘိုကိုဟာရမ် ဂျီဟတ်ဝါဒီအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ဘိုကိုဟာရမ်သူပုန်အဖွဲ့ ထကြွသောင်းကျန်းနေသော ဘိုနိုပြည်နယ်အတွင်းရှိ မိုင်ဒူဂူရီမြို့မှ ၁၂ မိုင်ခန့် ကွာဝေးသော အမ်မာဝါကျေးရွာရှိ စျေးထဲမှ ဂျံု၊စပါးများရောင်းချနေသည့် စျေးသည်များအနီးတွင် အသေခံဗုံးခွဲသမားသည် သူ့ကိုယ်သူဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်ဒူဂူရီမြို့၌ ပြီးခဲ့သောခရစ္စမတ်နေ့က ဘိုကိုဟာရမ်အဖွဲ့၏ မအောင်မြင်သော တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တွင် ယခုလိုအသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။

“ပေါက်ကွဲမှုကြောင့် လူ ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၃ ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အစိုးရစစ်တပ်ကို အကူအညီပေးနေသော ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူက ဆိုခဲ့သည်။

“ဒဏ်ရာရသူတွေကို မိုင်ဒူဂူရီမြို့က ဆေးရုံကိုပို့ပေးခဲ့ပြီး သေဆုံးသူတွေကိုတော့ ရွာထဲမှာပဲ မြုပ်နှံပေးခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။

ဗုံးခွဲသမားသည် သူသယ်ဆောင်လာသောအိတ်ထဲမှ ဖောက်ခွဲရေးပစ္စည်းများကို စျေးထဲ၌ စကားစမြည်ပြောဆို နေကြသူများအနီးတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုခဲ့သည်။

၈ နှစ်ခန့်ရှိပြီဖြစ်သော နိုင်ဂျီးရီးယား၏ပြည်တွင်း ပဋိပက္ခအတွင်း ဘိုကိုဟာရမ်အဖွဲ့၏ တိုက်ခိုက်မှုဒဏ်ကို အမ်မာဝါကျေးရွာအနေဖြင့် အလူးအလဲခံစားခဲ့ရသည်။ လက်ရှိအချိန်တွင် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့၏ လက်ချက်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၀၀၀၀ ထက်မနည်းရှိလာခဲ့ပြီဖြစ်ပြီး လူပေါင်း ၂.၆ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly