စိန့်ပီတာစဘတ် ဗုံးပေါက်မှုက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု ပူတင်ပြော

စိန့်ပီတာစဘတ် ဗုံးပေါက်မှုက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု ပူတင်ပြော

 

မော်စကို၊ ဒီဇင်ဘာ ၂၈ ။                ။ စိန့်ပီတာစဘတ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် ဖြစ်ပွားသော လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုသည် အကြမ်းဖက်တို်က်ခိုက် ဖောက်ခွဲမှုဖြစ်သည်ဟု ရုရှသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။

“ခင်ဗျားတို့ အသိပါ။ မနေ့က စိန့်ပီတာစဘတ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။”ဟု ကရင်မလင်တွင် စစ်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပူတင်က ပြောခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက စူပါမားကတ်တစ်နေရာတွင် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲကြောင်း တာဝန်ရှိသူများက ပြောသည်။

ရုရှ၏ ဒုတိယအကြီးဆုံး စိန့်ပီတာစဘတ်မြို့ ဒုတိယမြို့တော်ဝန် အမျိုးသမီး အန်နာမစ်ယန်နီနာက ပေါက်ကွဲမှုတွင်  ၁၃ ဦး ဒဏ်ရာရပြီး ရှစ်ဦး ဆေးရုံတွင် တင်ထားကုသနေဆဲဖြစ်ကြောင်း တွစ်တာတွင် ရေးသားသည်။

ငါးဦးကမူ ဆေးရုံတက်ရောက်ရန် ငြင်းဆန်ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နို်င်ငံ၏ အကြီးဆုံး ပွဲတော်ဖြစ်သည့် နှစ်သစ်ကူးအတွက် စိုင်းပြင်းနေကြချိန် အခါသမယအတွင်း ယခုပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ယခုလအစောပို်င်းက ကာဇန်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးနှင့် အခြားလူစည်ကားရာ နေရာများတွင် ဖောက်ခွဲမှုများ လုပ်ဆောင်ရန် စီစဉ်စိုင်းပြင်းနေသည့် အိုင်အက်စ်အဖွဲ့ဝင်များကို ဖမ်းဆီးရမိကြောင်း ရုရှ FSB လုံခြံုရေးရာဌာနက ပြောထားသည်။

အဆိုပါ တိုက်ခိုက်ရန် ကြံစည်မှုများကို အမေရိကန် စီအိုင်အေ၏ ထောက်လှမ်းရေးသတင်းပေးပို့ချက်အရ တားဆီးလိုက်နိုင်ခြင်းဖြစ်ကြောင်း ရုရှက ကျေးဇူးတင်စကား ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly