ဘာလီကျွန်းတွင် အမှိုက်များ တောင်ပုံရာပုံဖြစ်နေ၍ အရေးပေါ်အခြေအနေ ကြေညာထားရ

ဘာလီကျွန်းတွင် အမှိုက်များ တောင်ပုံရာပုံဖြစ်နေ၍ အရေးပေါ်အခြေအနေ ကြေညာထားရ

 

ဂျကာတာ၊ ဒီဇင်ဘာ ၂၈ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ကူတာကမ်းခြေသည် နေပူစာလှုံခြင်းနှင့် ရေလွှာလှိုင်းစီးခြင်းများဖြင့် ကမ္ဘာလှည့်ခရီးသွားများကြား ရေပန်းစားသည့် ကမ်းခြေအဖြစ် တာရှည်ရှိနေခဲ့သော်လည်း ယနေ့အချိန်တွင် အမှိုက်တောင်ပုံရာပုံအောက် ရွှေရောင်လွှမ်းသည့် ကမ်းခြေအလှက ကွယ်ပျောက်ခဲ့ပြီ ဖြစ်သည်။

နေပူစာလှုံသူများမှာ ပလတ်စတစ်ဘူးများ၊ အစားအစာအိတ်များ စသည့် စွန့်ပစ်အမှိုက်များအလယ် ရှိနေရသကဲ့သို့ လှိုင်းခေါင်းဖြူဖြူများတွင်လည်း မြစ်များမှ ပို့ချလာသည့် အမှိုက်သရိုက်များက ပေါလောမျောကာ ရှိနေသည်။

“ကျွန်တော် ရေကူးဖို့ ဆန္ဒဖြစ်လာတယ်။ ဒါပေမယ့် မနိမ့်ပါဘူး။ နေ့တိုင်း အချိန်တိုင်း အမှိုက်တွေ အောတိုက်အောင် တွေ့နေရတယ်။”ဟု သြစတြီးယား ခရီးသွားတစ်ဦးဖြစ်သူက ပြောသည်။

“ဒီအမှိုက်တွေဟာ ပင်လယ်ထဲကနေ မျောလာနေကြတာပဲ။ တကယ် ဆိုးဝါးတာပဲ။”ဟု ၎င်းက ဆိုသည်။

ကမ္ဘာမြေက နိဗ္ဗာန်ဘုံအဖြစ်တောင် တင်စားခေါ်ခံရသည့် အင်ဒိုနီးရှားမှ အားလပ်ရက်အပန်းဖြေစရာ အဆိုပါ ကျွန်းကမ်းခြေမှာ နို်င်ငံ၏ အမှိုက်ပြဿနာကြောင့် ရှက်စဖွယ် ခေါင်းမဖော်ဝံ့စရာ ဖြစ်လာနေသည်။

ကျွန်ငယ်ပေါင်း ၁၇၀၀၀ ကျော်ဖြင့် အဆိုပါ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် တရုတ်နို်င်ငံပြီးလျှင် ပင်လယ်ရေပြင် အမှိုက်သရိုက် ဒုတိယအများဆုံးအဖြစ် စံတင်ထားပြီး နှစ်စဉ် အမှိုက်တန်ချိန် ၁ ဒဿမ ၂၉ သန်း ထွက်ရှိနေသည်။

မြစ်များ၊ သမုဒ္ဒရာများအတွင်း ပလတ်စတစ်အမှိုက်မျော ရေလှိုင်းများက အကျပ်အတည်းပြဿနာတစ်ရပ်အဖြစ် နှစ်ရှည်ရှိလာနေခဲ့ခြင်းပဲ ဖြစ်သည်။ ထိုအမှိုက်များကြောင့် မြို့များ၏ ရေလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ရေကြီးမှုဘေး မြင့်မားခြင်း၊ ရေနေသတ္တဝါများ ထိခိုက်သေဆုံးခြင်းများ ဖြစ်ပွားနေသည်။

ပြဿနာမှာ ဆိုးသထက်ဆိုးလာခြင်းကြောင့် ဘာလီကျွန်းက အာဏာပိုင်များမှာ ပြီးခဲ့သည့်လအတွင်းက ထင်ရှားသည့် ဂျမ်ဘာရန်၊ ကူတာနှင့် ဆီမန်ယတ် ကမ်းခြေများတွင် ကမ်းခြေတစ်လျှောက် ၃ ဒဿမ ရ မိုင်ကို “အမှိုက်ပြဿနာ အရေးပေါ်အခြေအနေ”အဖြစ် ကြေညာပြဌာန်းထားခဲ့သည်။

သန့်ရှင်းသမား ရ၀၀ နှင့် ထရပ်ကား ၃၅ စီးဖြင့် နေ့စဉ် အမှိုက်တန်ချိန် ၁၀၀ နီးပါးကို ရှင်းလင်းစေကာ အနီးရှိ ဖို့မြေများသို့ သွားသွန်စေကာ ဖြေရှင်းနေရသည်။

“ကမ်းခြေက ထိုင်ခုံပေါ် ထိုင်နေပြီး အမှိုက်တွေကိုပဲ မျက်နှာချင်းဆိုင် ကြည့်နေရမှာမျိုး ဘယ်သူမှ ကြည့်ချင်မှာ မဟုတ်ဘူး။”ဟု ဂျာမနီဧည့်သည်တစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly