၁၅ နှစ်ကြာ အခန်းကျဉ်းထဲ ပိတ်လှောင်ခံထားခဲ့ရတဲ့ ဂျပန်အမျိုးသမီး အအေးဒဏ်ခံစားပြီး သေဆုံးမှု မိဘနှစ်ပါးကို ဖမ်းဆီး

၁၅ နှစ်ကြာ အခန်းကျဉ်းထဲ ပိတ်လှောင်ခံထားခဲ့ရတဲ့ ဂျပန်အမျိုးသမီး အအေးဒဏ်ခံစားပြီး သေဆုံးမှု မိဘနှစ်ပါးကို ဖမ်းဆီး

ဒီဇင်ဘာ ၂၈ ။             ။ ဂျပန်နိုင်ငံမှာ အသက် ၃၃ နှစ်ရှိ အမျိုးသမီးတစ်ဦးကို စိတ်ဖောက်ပြန်နေတယ်လို့ မိဘနှစ်ပါးက ယုံကြည်ပြီး သူမကို ၁၅ နှစ်ကျော်ကြာ အခန်းကျဉ်းတစ်ခုထဲ ပိတ်လှောင်ထားခဲ့ရာမှာတော့ ယခုအခါ အအေးလွန်ပြီး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အိုဆာကာစီရင်စု ဒေသခံနှစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်ရှိ ယာဆုတာကာ ကာကီမိုတိုနဲ့ ဇနီးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ယူကာရီ တို့ ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ သမီးဖြစ်သူဆီမှာ စိတ်ကျန်းမာရေး မကောင်းတဲ့ ဝေဒနာ ရှိနေတယ်လို့ ယူဆပြီး သူမ အသက် ၁၆ နှစ် အရွယ်ကတည်းက အခန်းကျဉ်းတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့ရတယ်ဆိုပြီး ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ယခုလို အခန်းကျဉ်းထဲမှာပဲ နှစ်ပေါင်းများစွာကြာ ပိတ်လှောင်ခံထားရတဲ့ သမီးဖြစ်သူ အီရီဟာ ယခုလထဲမှာပဲ အအေးဒဏ်ခံစားရပြီး သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

မှုခင်း ဆေးစစ်ချက်တွေအရ အီရီဆီမှာ အအေးမိလွန်ထားတဲ့ လက္ခဏာရပ်တွေအပြင် အာဟာရချို့တဲ့နေတဲ့ အနေအထားကိုပါ တွေ့ရှိခဲ့ရပြီး ကိုယ်အလေးချိန်ကလည်း ၄၂ ပေါင်သာ ရှိတော့တယ်လို့ သိရပါတယ်။

ယခုအခါ အီရီ သေဆုံးမှုနဲ့ပတ်သက်လို့ သူမရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ယာဆုတာကာ ကာကီမိုတိုနဲ့ ယူကာရီ တို့ကို ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

၎င်းတို့ မောင်နှံရဲ့ ထွက်ဆိုချက်အရ သမီးဖြစ်သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး တစ်ခါတစ်ရံမှာ အကြမ်းဖက်လိုတဲ့ စိတ်တွေ ရှိနေခဲ့တာကြောင့် ယခုလို သူမကို နှစ်တွေအကြာကြီး ပိတ်လှောင်ထားခဲ့ရတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

သူမကို ထားတဲ့ အခန်းကျဉ်းထဲမှာတော့ မိသားစုအကြား အပြန်အလှန် ဆက်သွယ်လို့ရမယ့် intercom ကိရိယာတစ်ခု ထားပေးထားသလို ၎င်းတို့ နေအိမ်ဝင်းအတွင်းမှာလည်း စောင့်ကြည့် ကင်မရာ ဆယ်လုံးကျော်ထိ တပ်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ဆိုချက်အရ ၎င်းတို့ဟာ တစ်နေ့ကို တစ်ကြိမ်လောက်သာ သမီးဖြစ်သူကို အစားအစာ ကျွေးပေးခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ အဆိုပါ ဂျပန်မောင်နှံနှစ်ဦးက ရဲက အရေးယူသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly