အာဖဂန်နစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၄၀ ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန် အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၄၀ ထက်မနည်း သေဆုံး

 

ဒီဇင်ဘာ ၂၈ ။          ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့က ရှီးယိုက် ယဉ်ကျေးမှုအဆောက်အအုံတစ်ခုအတွင်းမှာ ဒီဇင်ဘာ ၂၈ ရက်က အသေခံဖောက်ခွဲရေးသမားတစ်ဦး ဖောက်ခွဲတိုက်ခိုက်သွားခဲ့လို့ အနည်းဆုံး လူ ၄၀ လောက် သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာတွေ အသီးသီး ရရှိသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

လက်ရှိအချိန်ထိတော့ ယင်းဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်လာခြင်း မရှိသေးသလို တာလီဘန်တို့ကလည်း ယင်းဖြစ်စဉ်မှာ ပါ၀င်ပတ်သက်ခြင်းမရှိဘူးဆိုပြီး ချက်ချင်း ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

ယခု ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသွားတဲ့ နေရာကတော့ အာဖဂန် သီတင်းမီဒီယာ အေဂျင်စီ တစ်ခုအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

ယခုတိုက်ခိုက်မှုကတော့ မြို့အနောက်ပိုင်းမှာ ရှိတဲ့ ရှီးယိုက် ယဉ်ကျေးမှု စင်တာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နာစရတ် ရာဟီမီက ပြောပါတယ်။

"ဒီ ယဉ်ကျေးမှု စင်တာမှာ လူတွေ စုဝေးရောက်ရှိနေတုန်း ဒီ အသေခံဖောက်ခွဲရေးသမားက သူ့ကိုယ်သူ ဖောက်ခွဲသွားခဲ့တာပါ" လို့ ရာဟီမီက ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ပြီး နောက်ထပ် အသေးစား ပေါက်ကွဲမှုနှစ်ခုလည်း ထပ်ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ယခု ဖြစ်စဉ်ကတော့ အာဖဂန်မြို့တော်မှာ ထပ်မံ ကြံုတွေ့လာခဲ့ရတဲ့ အဆိုးရွားဆုံးသော တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly