အိန္ဒိယလမ်းဆုံလမ်းခွတွေမှာ မိုက်ကယ်ဂျက်ဆင်အကနဲ့အတူ ယာဉ်ကြောရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲ

အိန္ဒိယလမ်းဆုံလမ်းခွတွေမှာ မိုက်ကယ်ဂျက်ဆင်အကနဲ့အတူ ယာဉ်ကြောရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲ

 

ဒီဇင်ဘာ ၂၈ ။             ။ အိန္ဒိယနိုင်ငံ ယာဉ်ထိန်းရဲတစ်ဦး ဖြစ်တဲ့ ရန်ဂျီးဒ် ဆင်းဂ် ကတော့ ဘောလိ၀ုဒ်ကားတွေကို အထူးကြိုက်နှစ်သက်သူတစ်ဦး ဖြစ်သလို ဗြိတိန် Queen အဖွဲ့က အဆိုတော် Freddie Mercury လိုမျိုး နှုတ်ခမ်းမွှေး စစ ရှိသူ တစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကိုတော့ ယာဉ်အသွားအလာများပြားတဲ့ အိန္ဒိယ လမ်းဆုံတွေမှာ မိုက်ကယ်ဂျက်ဆင် အက ကရင်းနဲ့ ယာဉ်ကြောရှင်းပေးနေတာကိုတော့ ထူးထူးခြားခြား တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းရဲ့ ထူးခြားတဲ့ တာဝန်ထမ်းဆောင်မှု ပုံစံက လမ်းသွားလမ်းလာတွေရဲ့ အာရုံကို ကောင်းကောင်း ဖမ်းစားနိုင်လျက်ရှိပါတယ်။

လူဦးရေ ၂ သန်းနီးပါး ရှိတဲ့ Indore မြို့လယ်ခေါင်က အချက်အချာ လမ်းဆုံတွေမှာ သုံးဘီးယာဉ်တွေ၊ ဆိုင်ကယ်တွေ၊ ထရပ်ကားတွေကို ရှောင်ရှားရင်း အသက် ၃၈ နှစ်အရွယ် ရန်ဂျီးဒ် တစ်ယောက် မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကျော် moonwalk အကနဲ့အတူ ယာဉ်တွေကို ရှင်းလင်းပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

" ကျွန်တော် မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တစ်ယောက်ပါ၊ သူ့ရဲ့ ဒီ moonwalk အကနဲ့ ဒီမှာ ယာဉ်ကြောရှင်းပေးနေတာက ပြီးခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းကပါ" ဆိုပြီး ရန်ဂျီးဒ်က ပြောပါတယ်။

" ပထမတော့ လူတွေက ကျွန်တော်လုပ်နေတာကို အံ့သြကောင်း အံ့သြနိုင်ပါတယ်၊ ဒါပေမယ့် ဒီအတိုင်းပဲ နှစ်တွေများစွာကြာ ဆက်လုပ်ခဲ့တော့ လူသိ များလာခဲ့ပါတယ်၊  တကယ်ကလည်း ဒီလိုမျိုး ကားသံဟွန်းသံတွေ နဲ့ ဆူညံနေတဲ့ကြားကနေ ယာဉ်တွေကို ရှင်းပေးရတဲ့အလုပ်က ပုံမှန်အတိုင်းဆို တော်တော်လေး ငြီးငွေ့စရာ ကောင်းတဲ့ အလုပ်ဗျ၊ ဟော ခုလိုမျိုး အက ကရင်းနဲ့ အလုပ်လုပ်တော့ လမ်းသွားလမ်းလာတွေ၊ ဒရိုင်ဘာတွေလည်း ပျော်ရတာပေါ့ဗျာ" ဆိုပြီး ၎င်းက ပြောပါတယ်။

ယာဉ်ထိန်းရဲ ရန်ဂျီးဒ်ကတော့ ယခုအခါ ဆိုရှယ်မီဒီယာခေတ်ရောက်လာချိန်မှာတော့ ပိုပြီးတော့ လူသိများလာပြီး ယခုအခါ facebook ပေါ်မှာ ၎င်းရဲ့ တာဝန်ထမ်းဆောင်ပုံ အပြုအမူတွေဟာ အထူးရေးပန်းစားနေလျက်ရှိကြောင်းလည်း သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly