ယူကရိန်းနှင့် ရုရှနောက်ခံပြု သူပုန်တို့ အကျဉ်းသားများ အပြန်အလှန် လဲလှယ်

ယူကရိန်းနှင့် ရုရှနောက်ခံပြု သူပုန်တို့ အကျဉ်းသားများ အပြန်အလှန် လဲလှယ်

ကိဗ်၊ ဒီဇင်ဘာ ၂၈ ။          ။ ယူကရိန်းအာဏာပိုင်များနှင့် ရုရှနောက်ခံပြု ခွဲထွက်ရေးသူပုန်များကြားတွင် ဒီဇင်ဘာ ၂၇ ရက်က များပြားသည့် အကျဉ်းသားချင်း လဲလှယ်မှုကို ဆောင်ရွက်ခဲ့ကြသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားချိန်နောက်ပိုင်း အကြီးစား အကျဉ်းသားလဲလှယ်မှုဖြစ်သကဲ့သို့ ၂၀၁၅ ငြိမ်းချမ်းရေးသဘောတူညီမှုတွင် ထင်သာမြင်သာ ရှိလာသော တိုးတက်ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

လုဟန့်စ်နှင့် ဒွန်နက်စ်ဒေသများတွင် ၎င်းတို့ကိုကို ခွဲထွက်ရေးရီပတ်ဘရစ်များအဖြစ် ကြွေးကြော်ထားသော ခွဲထွက်ရေးသူပုန်များဖက်က အကျဉ်းသား ရ၄ ဦးနှင့် ယူကရိန်းဖက်က ၂၃၇ ဦးတို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ပေါလိုရှန်ကိုက သူပုန်များ ဖမ်းဆီးခံရသည့် ယူကရိန်းအကျဉ်းသားများ၏ ဇွဲသတ္တိကို ချီးကျူးပြောဆိုခဲ့သည်။

“ကိုယ့်လူတွေရဲ့ ခံနိုင်ရည်ဇွဲသတ္တိကိုတော့ တကယ်ချီးကျူးတယ်။”ဟု သမ္မတ ပေါရိုရှန်ကိုက ဖေ့ဘုတ်တွင် ချီးကျူးရေးသားသည်။

ဟောလိဗ်ကာမြို့နှင့် ဇီစီဗီကျေးရွာတို့တွင် အကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အချို့အကျဉ်းသားများမှာ တစ်နှစ်ကြာ ဖမ်းချုပ်ခံရသူများပင် ပါ၀င်သည်။

ထိုသို့ လဲလှယ်ရာတွင် အကျဉ်းသားများအား ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့်အတူ လဲလှယ်ခြင်းဖြစ်ရာ အကျဉ်းသားတစ်ဦးမှာ သူ မွေးထားသော   ကြောင်တစ်ကောင်ကို   ပွေ့ဖက်လျက် ရောက်ရှိနေသည်ကိုပါ တွေ့ရသည်။

အဆိုပါ အကျဉ်းသားလဲလှယ်မှုကို ဥရောပရှိ လုံခြံုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အတ္တလန်တိတ်ဖြတ်ကျော် လုံခြံုရေးတပ်ဖွဲ့နှင့် ယူကရိန်းအရှေ့ပိုင်းတွင် ဖြန့်ကြက်ထားသော အခွင့်အရေးအဖွဲ့များမှ စောင့်ကြည့်သူများ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံ အကျဉ်းသား အများစုမှာ စစ်သားတိုက်ခိုက်ရေးသမားများ မဟုတ်ကြဘဲ တက်ကြွလှုပ်ရှားသူများ၊ ဘလော့ဂ်ဂါများ အများစုဖြစ်ပြီး သူလျှိုမှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့ဖြင့် ဖမ်းဆီးခံကြရသူများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly