အွန်လိုင်းချစ်သူနှင့် တွေ့ရန် ထွက်လာရာမှ မလေးရှားတွင် မူးယစ်မှောင်ခိုမှုဖြင့် ရင်ဆိုင်နေရသော အမျိုးသမီးကြီး အမှုမှ လွတ်မြောက်

အွန်လိုင်းချစ်သူနှင့် တွေ့ရန် ထွက်လာရာမှ မလေးရှားတွင် မူးယစ်မှောင်ခိုမှုဖြင့် ရင်ဆိုင်နေရသော အမျိုးသမီးကြီး အမှုမှ လွတ်မြောက်

 

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇ ။         ။ သြစတြေးလျနိုင်ငံက အမျိုးသမီးကြီးတစ်ဦးသည် အွန်လိုင်းပေါ်တွင် ချစ်ကြိုက်မိသူနှင့် တွေ့ဆုံဆည်းရန် ခရီးထွက်ခဲ့ရာမှ လှည့်ဖျားခံရကာ မလေးရှားသို့ မသိလိုက်ဘဲ မူးယစ်ဆေးမှောင်ခို ခိုးသွင်းမှု ကျူးလွန်ခဲ့မိသည်။

မူးယစ်ဆေးမှောင်ခိုသွင်းခြင်းကို သေဒဏ်ပေးသည့် မလေးရှားသို့ အွန်လိုင်းချစ်သူနှင့် ဆုံဆည်းရန် ခရီးထွက်ခဲ့ရာမှ ဘုမသိဘမိဖြင့် မူးယစ်ဆေး မှောင်ခိုသွင်းမိသူ သြစတြေးလျအဘွားအို မာရီယာပင်တိုကို ဒီဇင်ဘာ ၂၇ ရက်တွင် မူးယစ်ဆေးမှောင်ခို ကူးမှုတွင် အပြစ်မရှိကြောင်း စီရင်ချက်ချ ခံရခြင်းကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းလည်း ဖြစ်သည်။

အသက် ၅၄ နှစ်ရှိ မာရီယာပင်တိုသည် ၂၀၁၄ ခုနှစ်အတွင်းက ကွာလာလမ်ပူလေဆိပ်တွင် သူ၏ ကျောပိုးအိတ်အတွင်း မက်သာဖီသမင်းဆေးပြား ၂ ဒဿမ ၄ ပေါင် သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုဆေးပြားများ သူကျောပိုးအိတ်တွင် ပါရှိလာသည်ကို မသိရကြောင်း မာရီယာက ပြောဆိုထားခဲ့သည်။ အွန်လိုင်းတွင် တွေ့ဆုံချစ်ကြိုက်သူ အမေရိကန်စစ်သားဟု ပြောထားသော ဗိုလ်ကြီးဒင်နီယယ်စမစ်နှင့် တွေ့ရန် တရုတ်ပြည်သို့ ခရီးထွက်လာခြင်းသာ ဖြစ်ပြီး ယခုကျောပိုးအိတ်မှာ အယုံသွင်းလှည့်ဖျားခံရကာ သယ်ဆောင်လာခဲ့မိသည့် ကျောပိုးအိတ်သာဖြစ်ကြောင်း အဘွားအို မာရီယာက ဆိုသည်။

မွတ်စလင်အများစု မလေးရှားနိုင်ငံတွင် ဆေးပြား ၁ ဒဿမ ရ၅ ပေါင် အနည်းဆုံး ဖမ်းဆီးမိသူ မည်သူမဆို သေဒဏ်အပြစ်ပေးခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အဆိုပါ ကြိုးပေးကာ သေဒဏ်ပေးသည့် ပြစ်ဒဏ်ကို မလေးရှားလွှတ်တော်အမတ်များက မဖြစ်မနေ ကျင့်သုံးရမည့် ပြစ်ဒဏ်အဖြစ်မှ ပြင်ဆင်မဲပေးခဲ့ကြသော်လည်း အသစ်ဥပဒေကြမ်းမှာ အသက်ဝင်သေးခြင်း မရှိသေးပေ။

သို့သော်လည်း မာရီယာ၏ အမှုတွင် တရားခံရှေ့နေ၏ လျှောက်လဲချက်ဖြစ်သော ကျောပိုးအိတ်အတွင်း ဆေးပြားများ ပါလာသည်ကို သိရှိခြင်း မရှိဟု ဆိုခြင်းအား ကွာလာလမ်ပူအပြင်ဖက်ရှိ အထူးခုံရုံတရားသူကြီးက လက်ခံကြားနာပြီး အပြစ်မရှိကြောင်း စီရင်လိုက်ခြင်းပဲ ဖြစ်သည်။

“စွပ်စွဲခံရတဲ့ တရားခံဟာ ကျောပိုးအိတ်အတွင်းမှာ ဆေးပြားတွေ ပါလာတာ သိရှိခြင်း မရှိကြောင်း တရားခံရှေ့နေရဲ့ လျှောက်လဲချက်ကို သဘောတူပါတယ်။”ဟု တရားသူကြီး ဂါဇာလီက ပြောဆိုပြီး မာရီယာ အပြစ်မရှိကြောင်း စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စီရင်ချက် ချပြီးနောက် မာရီယာကို မလေးရှားနိုင်ငံတွင်းမှ ပြည်နှင်ရန် အမိန့်ချမှတ်ခဲ့သည်။

၂၀၁၄ ခုနှစ်က အခင်းဖြစ်ခဲ့ချိန်တွင် ရေရှည်သံယောဇဉ်တွယ်ခဲ့ရသည့် အွန်လိုင်းအချစ်ရေးကြောင့် စမစ်ကို အပြင်တွင် တွေ့ဆုံခွင့်ရရန် ရှန်ဟိုင်းသို့ မာရီယာက ဦးတည်ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လူစိမ်းတစ်ဦးက အိတ်တစ်လုံးပေးပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းသို့ ပို့ပေးဖို့ တောင်းပန်လာခြင်းကြောင့် ထိုအိတ်ကို သယ်ဆောင်လာမိခြင်းကပင် မာရီယာအတွက် မျှော်လင့်ထားသော အွန်လိုင်းချစ်သူနှင့် တွေ့ဆုံခွင့်က အငွေ့ပျံ နိဂုံးချုပ်သွားခဲ့ရခြင်းပဲ ဖြစ်သည်။

မာရီယာသည် လေယာဉ်ပြောင်းစီးရန်အတွက် ကွာလာလမ်ပူလေဆိပ်အရောက်တွင် လေဆိပ်သွားလာမှုတွင်လည်း ကျင်လည်သူမဟုတ်သောကြောင့် လူဝင်မှုကြီးကြပ်ရေးကောင်တာကို မှားယွင်းစွာ ဖြတ်မိရာမှ စစ်ဆေးခံရခြင်းဖြစ်ကာ မူးယစ်ဆေးပြားများ တွေ့ရှိကာ ဖမ်းဆီးခံလိုက်ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းက အွန်လိုင်းပေါ်က ချစ်သူစမစ်ထံ သွားတွေ့ချိန် လမ်းခုလတ်တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့တွင်မှ အမှုမှ အပြစ်ကင်းလွတ်သည့် စီရင်ချက် ချခံရကာ သေဘေးမှ လွတ်မြောက်လာခြင်းပဲ ဖြစ်တော့သည်။

မလေးရှားနို်င်ငံတွင် မူးယစ်ဆေးပြစ်မှုများဖြင့် သေဒဏ်ပေးခံရမှုများ များစွာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း သေဒဏ်ကွပ်မျက်ခြင်းများ မရှိသလောက် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly