စီရော်နယ်ဒိုနဲ့မက်ဆီတို့ကိုကျော်ပြီး ၂၀၁၇ ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း

စီရော်နယ်ဒိုနဲ့မက်ဆီတို့ကိုကျော်ပြီး ၂၀၁၇ ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း

 

ဒီဇင်ဘာ ၂၇၊ အင်္ဂလန် ။                ။ စပါးအသင်းက ဆောက်သမ်တန်အသင်းကို  ၅ ဂိုး၊ ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ အနိုင်ဂိုး ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းရဲ့ ၂၀၁၇ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း စုစုပေါင်းသွင်းဂိုးက ၅၆ ဂိုးဖြစ်သွားခဲ့ပါပြီ။

ဟယ်ရီကိန်းဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ စပါးအသင်းအတွက် ၅၂ ဂိုး အင်္ဂလန်အသင်းအတွက် ၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ညာခြေနဲ့ ၃၃ ဂိုး၊ ဘယ်ခြေနဲ့ ၁၇ ဂိုး၊ ခေါင်းတိုက်ဂိုး ၆ ဂိုးသွင်းခဲ့ပြီး ဟက်ထရစ် ၈ ကြိမ်ရခဲ့ပါတယ်။

၂၀၁၇ မှာ မက်ဆီက ၅၄ ဂိုး၊ စီရော်နယ်ဒို၊ ကာဗာနီ၊ လီဝန်ဒေါစကီးတို့က ၅၃ ဂိုးစီသွင်းခဲ့ကြပါတယ်။

ကိန်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ဂိုးသွင်းနှုန်းကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းအလန်ရှီးယားရဲ့ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကိုလည်း ကိန်းက ကျော်ဖြတ်ခဲ့ပါတယ်။ အလန်ရှီးယားက ၁၉၉၅ ခုနှစ်တုန်းက ပရီးမီးယားလိဂ်သွင်းဂိုး ၃၆ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ကိန်းက ၂၀၁၇ မှာ ၃၉ ဂိုးသွင်းခဲ့ပါတယ်။

ကိန်းဟာ အခုအချိန်မှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၉၄ ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။ စပါးအသင်းရဲ့သမိုင်းတစ်လျှောက် ၉၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ ရှရင်ဂန်ရဲ့စံချိန်ကို လိုက်မီဖို့ ၃ ဂိုးသာ လိုအပ်ပါတော့တယ်။

မက်ဆီနဲ့စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူကြောင်း ဟယ်ရီကိန်းက ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly