ခရစ္စမတ်သတင်းစကားအဖြစ် ဂျေရုဆလင် ငြိမ်းချမ်းရေးနှင့် စစ်ဒဏ်သင့် ကလေးများ၏ ဘေးဒုက္ခတို့ကို ပုပ်ရဟန်းမင်းကြီး အသားပေးပြော

ခရစ္စမတ်သတင်းစကားအဖြစ် ဂျေရုဆလင် ငြိမ်းချမ်းရေးနှင့် စစ်ဒဏ်သင့် ကလေးများ၏ ဘေးဒုက္ခတို့ကို ပုပ်ရဟန်းမင်းကြီး အသားပေးပြော

 

ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၂၇ ။            ။ ပုပ်ရဟန်းမင်းကြီးက ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မိန့်ခွန်း ထုံးတမ်းစဉ်လာ ပြောကြားရာတွင် ကမ္ဘာပေါ်ရှိ ကက်သလစ်ဘာသာဝင်ပေါင်း ၁ ဒဿမ ၃ ဘီလီယံအနေဖြင့် ရွှေ့ပြောင်းဝင်ရောက်သူများကို မသိကျိုးကျွန် မပြုကြရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။

ထိုသို့ မိန့်ခွန်းအဖွင့် ပြောဆိုပြီးနောက် ဂျေရုဆလင်တွင် ငြိမ်းချမ်းရေးဖြစ်ထွန်းရေးကို တိုက်တွန်းပြောဆိုကာ ပဋိပက္ခများ ဒဏ်သင့် ကလေးငယ်များ၏ ဘေးဒုက္ခများကို အသားပေး ပြောဆိုခဲ့သည်။

ဗာတီကန်တွင် ပုပ်ရဟန်းမင်းကြီး၏ “Urbi et Orbi”(ဗာတီကန်နှင့် ကမ္ဘာသို့) ငါးကြိမ်မြောက် သတင်းစကား ပြောကြားမှုသို့ တက်ရောက်နားထောင်သူ ယုံကြည်ကိုးကွယ်သူပေါင်း ထောင်သောင်းများစွာ ရှိခဲ့သည်။

ဂျေရုဆလင်နှင့် မြင့်မြတ်သော ကုန်းမြေဒေသအားလုံးအတွက် ငြိမ်းချမ်းရေးကို အဆိုပါ သတင်းစကားပါး ပြောဆိုမှုတွင် ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

“အစ္စရေးနဲ့ ပါလက်စတိုင်းကြား တင်းမာမှုတွေကြောင့် ဒုက္ခဘေးတွေ ဆက်လက်ခံစားရင်ဆိုင်နေရတဲ့ အရှေ့အလယ်ပိုင်းက ကလေးငယ်တွေကြားမှာ ယေရှုရဲ့ ကျင့်စဉ်တော်နဲ့အညီ ကျွနု်ပ်တို့ ရှုကြည့်ရမယ်။”ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသည်။

“အဖွဲ့အစည်း နိုင်ငံတွေကြား ဆွေးနွေးပွဲတွေ ပြန်စဖို့ ကျွနု်ပ်တို့ ဆုမွန်တောင်းပေးကြပါစို့။ စေ့စပ်ဖြေရှင်းမှု နောက်ဆုံး ကျရောက်ဖို့ ဆုတောင်းပြုကြစို့။ ဒါကပဲ နှစ်နိုင်ငံကြား အပြန်အလှန်သဘောတူပြီး နို်င်ငံတကာကပါ အသိအမှတ်ပြုတဲ့ နယ်စပ်မျဉ်းနဲ့အတူ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတည်ရှိမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်တယ်။”ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီးနောက်ပို်င်း အနောက်ဖက်ကမ်းတွင် တင်းမာမှုများ အသစ်တစ်ဖန် ကြီးထွားလာခဲ့ချိန်တွင် ပုပ်ရဟန်းမင်းကြီးက ယခုကဲ့သို့ မိန့်ဆိုလာခြင်း ဖြစ်သည်။

အမေရိကန်၏ အဆိုပါ ဆုံးဖြတ်ချက်နောက်ပို်င်းတွင် ဂွါတီမာလာနို်င်ငံကလည်း အစ္စရေး၏ မြို့တော်အဖြစ် ဂျေရုဆလင်ကို အသိအမှတ်ပြုကာ တဲလ်အဗစ်တွင်ရှိသော ၎င်း၏ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် လုပ်ဆောင်လာခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ယခု ခရစ္စမတ်သတင်းစကားတွင် ကိုရီးယားကျွန်းဆွယ်အရေးတွင်လည်း အပြန်အလှန်ယုံကြည်မှုများ ဖြစ်ထွန်းရန် ဆုတောင်းစကား ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags