ရုရှ အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

ရုရှ အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

 

ဒီဇင်ဘာ ၂၆ ။             ။ လာမယ့်နှစ် ရုရှ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဗလာဒီမာ ပူတင်နဲ့ အပြိုင် ရွေးကောက်ခံသွားဖို့ စီစဉ်ထားတဲ့ အဓိက အတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗားလ်နီကို ယခုအခါ ရွေးကောက်ပွဲ ၀င်ခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အတိုက်အခံ ခေါင်းဆောင် နာဗားလ်နီရဲ့ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲ ၀င်ရောက်ခွင့် လျှောက်ထားချက်ကို ပယ်ဖျက်လိုက်ကြောင်း ရုရှ ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၆ ရက်မှာ တစ်ခဲနက် ဆုံးဖြတ်လိုက်ပါတယ်။ နာဗားလ်နီကို ရွေးကောက်ပွဲ ပိတ်ပင်မယ့် ဆုံးဖြတ်မှုမှာ ကော်မရှင်က ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ မရှိတဲ့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရုရှ အတိုက်အခံခေါင်းဆောင်ဟာဆိုရင် အငြင်းပွားဖွယ် တာဝန်အလွဲသုံးစားလုပ်မှုနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ငါးနှစ် ချမှတ်ခံထားရတဲ့ ဖြစ်စဉ်ကြောင့် ယခုလို လာမယ့်နှစ် ရွေးကောက်ပွဲ ၀င်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

" နာဗားလ်နီရဲ့ ပြစ်မှုက ကြီးလေးပါတယ်၊ ဒါကြောင့် သမ္မတအဖြစ် ၀င်ပြိုင်ခွင့် ဆုံးရှုံးလိုက်ရတာပါ" ဆိုပြီး ရုရှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘောရစ် အက်ဘ်ဇီယက်ဗ်က   ပြောပါတယ်။

ယခုလို ရွေးကောက်ပွဲ ၀င်ခွင့် အပိတ်ခံလိုက်ရခြင်း ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အကြောင်းရင်းတွေ ရှိနေကြောင်း အတိုက်အခံ ခေါင်းဆောင် နာဗားလ်နီက ဆိုလိုက်ပြီး လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့  ပြည်သူတွေကို ဆော်သြတောင်းဆိုသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly