မျောက်တွေနဲ့ ထူးထူးခြားခြား သံယောဇဉ်တွယ်နေလျက်ရှိတဲ့ အိန္ဒိယ ကလေးငယ်

မျောက်တွေနဲ့ ထူးထူးခြားခြား သံယောဇဉ်တွယ်နေလျက်ရှိတဲ့ အိန္ဒိယ ကလေးငယ်

 

ဒီဇင်ဘာ ၂၆ ။             ။ အိန္ဒိယနိုင်ငံက လမ်းလျှောက်ခါစ ကလေးငယ်တစ်ဦးကတော့ ထူးထူးခြားခြားပဲ မျောက်တွေနဲ့ တစ်ရင်းတစ်နှီး သံယောဇဉ် ဖြစ်နေလျက်ရှိတယ်လို့ သိရပါတယ်။ စကားတောင် သိပ်မပြောတတ်သေးတဲ့ နှစ်နှစ်သားအရွယ် ဆာမာ့သ် ဘန်ဂါရီ ဆိုသူ ယင်းကလေးငယ်လေးကတော့ ယခုဆိုရင် နာမည်ကျော် Jungle book ဇာတ်ကားထဲက အဓိကဇာတ်ကောင် မောဂလိ လိုမျိုး တိရိစ္ဆာန်တွေနဲ့ တစ်ရင်းတစ်နှီးဖြစ်နေတဲ့ ကလေးငယ်တစ်ဦးလိုမျိုး ဖြစ်လာနေလျက်ရှိပါတယ်။

အဆိုပါအိန္ဒိယ ကလေးငယ်လေး ဘန်ဂါရီကိုတော့ Langur  အမြီးရှည် မျောက်တွေနဲ့အကြား သူငယ်ချင်း ဖြစ်နေတာကို ထူးဆန်းစွာ တွေ့ရမှာ ဖြစ်ပါတယ်။

ဘန်ဂါရီကို ပြီးခဲ့တဲ့ ကာလက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ၎င်း နေထိုင်တဲ့ ရွာတစ်ခုမှာ မျောက်ကောင်ရေ ၂၀ လောက်နဲ့ အတူဆော့နေတာကို အများက သတိထားမိခဲ့တဲ့နောက်မှာတော့ ယခုလို သူနဲ့ မျောက်တွေအကြားက ထူးခြားတဲ့ သံယောဇဉ်ဖွဲ့မှုကို သိရှိခဲ့တာဖြစ်ပါတယ်။

" မျောက်တွေနဲ့  သူ ခုလို အဖွဲ့ကျနေတာကို ကျွန်တော်တို့ တွေ့တွေ့ချင်းတော့ တော်တော်လေး အံ့အားသင့်ခဲ့ရပါတယ်၊ ဒါ တကယ်လည်း ထူးဆန်းနေခဲ့ပါတယ်၊ ကလေးရဲ့ မိဘတွေကလည်း လယ်ထဲသွားနေချိန်မျိုးတွေကျရင် ဒီကလေးငယ်လေးကို မျောက်တွေ တိုက်ခိုက်ကုတ်ဖဲ့ပစ်လိုက်မှာ ရွာသားတွေက စိုးရိမ်ခဲ့ကြပါသေးတယ်" လို့ ကလေးငယ် ဘန်ဂါရီရဲ့ ဦးလေး ဖြစ်တဲ့ ဘာရာမာ ရက်ဒီက ပြောပါတယ်။

ဒါပေမယ့် ယင်းနောက်ပိုင်း ကလေးငယ် နဲ့ မျောက်တွေအကြားက ပုံမှန်မဟုတ်တဲ့ သံယောဇဉ်ကို ရွာသားတွေ  တွေ့လာရတယ်လို့ ဆိုပါတယ်။ ယင်းကလေးငယ်လေးဟာ သူ့မှာ ရှိတဲ့ စားစရာတွေကိုတော့ သူ့ဆီ အလည်လာကြတဲ့ မျောက်တွေနဲ့အတူ ဝေမျှစားနေရင်း ပျော်နေတာကိုပါ တွေ့ခဲ့ရပါတယ်။

ရွာနား ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ယင်းမျောက်တွေက ကလေးငယ်လေး ဘန်ဂါရီဆီ နေ့စဉ် မပြတ်  လာလည်တတ်တယ်ဆိုပြီး ဦးလေးဖြစ်သူက ဆိုပါတယ်။ " သူတို့ ပထမဆုံး စတွေ့ပြီးကတည်းက   နောက်ပိုင်း တစ်ရက်မှ မဆုံဖြစ်တာမျိုး မရှိခဲ့ပါဘူး၊ မျောက်တွေက သူနဲ့ နေ့တိုင်း အိမ်ကို လာတွေ့ကြတယ်လေ" လို့ ဆိုပါတယ်။

ကလေးငယ်လေး ဘန်ဂါရီ နေတဲ့ ကျေးရွာဖြစ်တဲ့ အလာပူရ် ရွာကတော့ ဘန်ဂလောမြို့ရဲ့ ကီလိုမီတာ ၄၀၀ အကွာမှာ တည်ရှိပါတယ်။

" သူ မနက်ဘက် အိပ်နေချိန်မှာတော့ မျောက်တွေ ရောက်လာပြီး သူ့ကို လာနှိုးကြတယ်လေ၊ ပြီးတော့ အဲဒီမှာ သူတို့ တစ်နာရီ၊ နှစ်နာရီလောက် အတူတူ ဆော့နေကြတာပါပဲ" လို့ ဦးလေးဖြစ်သူ ဘာရာမာ က ပြောပြသွားခဲ့ပါတယ်။

ယင်းမျောက်တွေကိုတော့ ဘန်ဂါရီ အပြင် အခြားရွယ်တူ ကလေးတွေနဲ့ရော အဖွဲ့ကျလေမလား စမ်းချင်တဲ့အနေနဲ့အခြား ကလေးငယ်တစ်ယောက်ကို မျောက်တွေအနား သွားထားကြည့်သေးတယ်လို့ ဘာရာမာက ပြောပါတယ်။ ဒါပေမယ့်လည်း မျောက်တွေက မကြိုက်ဘဲ ချက်ချင်းပဲ ဒေါသထွက်ပုံ ပြလာတယ်လို့  ၎င်းက ပြောပါတယ်။

ယခုလို မျောက်တွေ တစ်ရုန်းရုန်းနဲ့ အတူတူ တပူးတွဲတွဲ ဖြစ်နေတဲ့ ကလေးငယ်လေး ဘန်ဂါရီရဲ့ ထူးခြားမှုကြောင့် အနီးအနား ရွာနီးချုပ်စပ်ကလူတွေလည်း  လာရောက်ကြည့်ရှုတတ်ကြတယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly