ထရမ့် ဆုံးဖြတ်ချက်နောက် လိုက်ကာ ဂွါတီမာလာက ဂျေရုဆလင်သို့ သံရုံးရွှေ့ပြောင်း

ထရမ့် ဆုံးဖြတ်ချက်နောက် လိုက်ကာ ဂွါတီမာလာက ဂျေရုဆလင်သို့ သံရုံးရွှေ့ပြောင်း

 

ဂွါတီမာလာစီးတီး၊ ဒီဇင်ဘာ ၂၆ ။                ။ ဂွါတီမာလာနိုင်ငံက အစ္စရေးတွင် ရှိသော ၎င်း၏ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် လုပ်ငန်းစဉ်များအား ဒီဇင်ဘာ  ၂၅ ရက်တွင် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည်။

သမိုင်းအထင်ကရ ဂျေရုဆလင်မြို့တော်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားနေစေသည့် အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို သဘောတူညီ လက်ခံကြောင်း ဂွါတီမာလာ သမ္မတ ဂျမ်မီမိုရေးက ကြေညာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်က ပြည်သူများသို့ သမ္မတ မိုရေးက သတင်းစကားပါးရာတွင် ၎င်းသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် အလွန်အရေးကြီးသော ကိစ္စရပ်မှာ ဂျေရုဆလင်သို့ ဂွါတီမာလာသံရုံး ပြန်လည်ရွှေ့ပြောင်းရေးပဲ ဖြစ်ကြောင်း ဖေ့ဘုတ်ကတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

“ဒီအတွက်ကြောင့် ပြည်သူတွေကို ကျွန်တော် အသိပေးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို သံရုံးပြောင်းရွှေ့ရေး စီစဉ်ညွှန်ကြားထားပြီ ဖြစ်ပါတယ်။”ဟု မိုရေးက ရေးသားသည်။

သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။

သမ္မတ မိုရေးအနေဖြင့် သံရုံးပြောင်းရွှေ့မိန့်ကို ခရစ္စမတ်အကြိုနေ့တွင် ထုတ်ပြန်ခြင်းဖြစ်ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံက ထရမ့်၏ ဆုံးဖြတ်ချက်ဖြစ်သော ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုခြင်းကို ပယ်ချသည့် မဲပေးဆုံးဖြတ်ပြီး သုံးရက်အကြာတွင်လည်း ဖြစ်သည်။

ဂွါတီမာလာ၏ ဆုံးဖြတ်ချက်အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကောင်းချီးပေးလိုက်ကာ အမေရိကန် ဦးဆောင်သော ဆုံးဖြတ်ချက်ကို လက်ခံဆောင်ရွက်သည်မှာ ဂွါတီမာလာ တစ်နိုင်ငံတည်း မဖြစ်နိုင်ကြောင်း ပြောသည်။

“အခြားနိုင်ငံတွေလည်း ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပါလိမ့်မယ်။ သံရုံးတွေ ပြောင်းရွှေ့ဖို့ စဉ်းစားကြပါမယ်။ ခု ဒုတိယတစ်နိုင်ငံ ထွက်ပေါ်လာတယ်။ အခြားနိုင်ငံတွေလည်း လိုက်ပါဆောင်ရွက်လာမှာပဲ ဖြစ်တယ်။”ဟု နေတန်ယာဟုက ပြောခဲ့သည်။

အစ္စရေး ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟိုတိုဗီလေးကလည်း “ဥရောပနိုင်ငံအချို့ အပါအဝင် အနည်းဆုံး ဆယ်နိုင်ငံလောက်နဲ့ ဂျေရုဆလင်အရေး ဆက်သွယ်ပြောဆိုနေမှု ရှိထားပြီ ဖြစ်ပါတယ်။”ဟု ရေဒီယိုမှတစ်ဆင့် ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly