ယီမင်၌ လေကြောင်းထိုးစစ်များနှင့် တိုက်ပွဲများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

ယီမင်၌ လေကြောင်းထိုးစစ်များနှင့် တိုက်ပွဲများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံး

 

အေဒင်၊ ယီမင်၊ ဒီဇင်ဘာ ၂၆  ။            ။ ဆော်ဒီမှထောက်ပံ့ပေးထားသော အစိုးရလိုလားသည့်တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟွတ်သီသူပုန်များကို ထိုးစစ်များဆင်နွှဲခဲ့ပြီး   လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် တိုက်ခိုက်ရေးသမား ၆၀ ကျော်ခန့် သေဆုံးခဲ့ရကြောင်း လုံခြံုရေးတပ်ဖွဲ့များနှင့် ဆေးဖက်ဆိုင်ရာတာဝန်ရှိသူများက တနင်္လာနေ့၌ ပြောခဲ့ သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းထိုးစစ်များကြောင့် အီရန်မှထောက်ပံ့ပေးထားသည့် သူပုန်အဖွဲ့မှ ၁၈ ဦးခန့်သေဆုံးခဲ့ရပြီး တာဟီတာမြို့အနီး၌ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောက်ထပ် ၃၅ ဦးခန့် သေဆုံးခဲ့ရကြောင်း လုံခြံုရေးတာဝန်ခံများက သတင်းဌာနသို့ ပြောခဲ့သည်။

ဒါ့အပြင် နောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အစိုးရတပ်ဖွဲ့မှ တပ်သား ၁၂ဦးခန့် သေဆုံးပြီး ၁၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

မြို့တော် ဆာနားမြို့၏ဆင်ခြေဖုံးအရပ်တွင်လည်း တနင်္လာနေ့ကဖြစ်ပွားခဲ့သည့် ညွန့်ပေါင်းအဖွဲ့၏လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ သေဆုံးခဲ့ရကြောင်း မျက်မြင်သက်သေများက ဆိုခဲ့သည်။

အုပ်ချုပ်သူနှစ်မျိုးကွဲနေသော ယီမင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့များနှင့် ညွန့်ပေါင်းတပ်ဖွဲ့များသည် ပင်လယ်နီကမ်း ရိုးတန်းဒေသတစ်လျှောက်ကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ယခုလအစောပိုင်းတွင် ခိုခါမြို့ကိုသိမ်းပိုက်နိုင်ခဲ့ သည်။

သို့သော်လည်း ညွန့်ပေါင်းတပ်ဖွဲ့များသည် ရှီးအိုက်ဟွတ်သီသူပုန်များ၏ ကြံ့ကြံ့ခိုင်ခုခံမှုနှင့် ရင်ဆိုင်နေရပြီး သူပုန်အဖွဲ့သည် ယီမင်နိုင်ငံမြောက်ပိုင်းပိုင်နက်အများစုနှင့် မြို့တော်ဆာနားမြို့တို့ကို ထိန်းချုပ်ထားနိုင်သည်။

ဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းအဖွဲ့သည် ယီမင်နိုင်ငံမှဟွတ်သီသူပုန်များကို လွန်ခဲ့သောမတ်လ ၂၀၁၅ ခုနှစ် ကတည်းက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှအသိအမှတ်ပြုထားသော သမ္မတအဘီ ဒရက်ဘိုမန်ဆာဟာဒီဦးဆောင်သည့် အစိုးရအဖွဲ့ကို တင်မြှောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါလေကြောင်းထိုးစစ်များသည် အီရန်မှထောက်ပံ့ထားသော ဟွတ်သီသူပုန်အဖွဲ့က ဆော်ဒီမြို့တော် ရီယက်ဒ်မြို့သို့ ဒုံးပျံနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက အရှိန်ပြင်းထန်လာခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags