ဖိလစ်ပိုင်မှာ ခရစ်စမတ်ပွဲသွားတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆမှု ဖြစ်ပြီး လူ ၂၀ ထက်မနည်း သေဆုံး

ဖိလစ်ပိုင်မှာ ခရစ်စမတ်ပွဲသွားတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆမှု ဖြစ်ပြီး လူ ၂၀ ထက်မနည်း သေဆုံး

ဒီဇင်ဘာ ၂၅ ။           ။ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ကျင်းပမယ့် ခရစ်စမတ်ပွဲတော်ကို တက်ရောက်ဖို့ လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းခရီးမှာ အခြား ကားတစ်စီးနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင့် အနည်းဆုံး လူပေါင်း ၂၀ သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ခရစ်စမတ်ပွဲတက်ဖို့ ထွက်လာကြတဲ့ အဆိုပါ ဘတ်စ်ကားငယ်တစ်စီးဟာ Agoo မြို့မှာ အခြားကားကြီးတစ်စီးနဲ့ တိုက်မိခဲ့တာကြောင့် ကလေး ခြောက်ဦးအပါအဝင် လူ ၂၀ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ယင်း ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိခဲ့တယ်လို့လည်း အာဏာပိုင်တွေ နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေအရ သိရပါတယ်။

"ဒီ သေဆုံးသူတွေကတော့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ ဖြစ်တယ်လို့ ကနဦး သိရပါတယ်၊ သူတို့က Manaoag မြို့က ကက်သလစ်ဘုရားကျောင်းမှာ လုပ်မယ့် ခရစ်စမတ်ပွဲကို လာရင်း ခုလို ဖြစ်သွားခဲ့ကြတာဖြစ်ပါတယ်" လို့ Agoo မြို့ ရဲအရာရှိ Vanessa Abudo က အေအက်ဖ်ပီကို ပြောသွားပါတယ်။

ယင်းနိုင်ငံမှာတော့ ယခု ရက်ပိုင်းအတွင်း လူသား ဘေးဒုက္ခဆိုးတွေနဲ့ ဆက်တိုက်ကြံုတွေ့နေရလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုနဲ့အတူ မြေပြိုမှု၊ ရေကြီးမှုတွေဖြစ်ပြီး သေဆုံးသူဦးရေ ၂၄၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့က စျေးဝယ်စင်တာတစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly