အကျဉ်းကျနေသည့် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့်ရ

အကျဉ်းကျနေသည့် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့်ရ

ဒီဇင်ဘာ ၂၅ ။           ။ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် ၂၅ နှစ်ကျခံနေရသည့် ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ပီရူးအစိုးရက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

အသက် ရ၉ နှစ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဖူဂျီမိုရီသည် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က ရုတ်တရက် သွေးဖိအားကျပြီး နှလုံးခုန်မူမမှန်ဖြစ်ခဲ့သည့်အတွက် အကျဉ်းထောင်တွင်းမှ ပြင်ပ ပုဂ္ဂလိက ဆေးခန်းတစ်ခုသို့ ပြောင်းရွှေ့တင်ပို့ပေးထားခဲ့ရသည်။

ယခုအခါ ၎င်းအား လူသားချင်းစာနာမှုအရ အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ပီရူး သမ္မတ အိမ်တော်က ထုတ်ပြန်သွားခြင်း ဖြစ်သည်။

" ပီရူးနိုင်ငံ သမ္မတအနေနဲ့ မစ္စတာ အယ်လ်ဘာတို ဖူဂျီမိုရီအပါအဝင် တစ်ခြား လူခုနစ်ဦးကို လူသားချင်း စာနာမှုကို ထောက်ထားသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်" ဆိုပြီး ပီရူး သမ္မတ အိမ်တော်က ထုတ်ပြန်သွားသည်။

ယခုကဲ့သို့ မစ္စတာ ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်အပေါ် သားဖြစ်သူ ပီရူးနိုင်ငံရေးသမား ကန်ဂျီ ဖူဂျီမိုရီကလည်း ၀မ်းမြောက်ကြောင်း ထုတ်ဖော်သွားခဲ့သည်။ ယင်းအပြင် ယခုကဲ့သို့ အယ်လ်ဘာတို ဖူဂျီမိုရီ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခြင်းကြောင့် ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ၎င်းတက်ရောက်နေသည့် မြို့တော်လီမာရှိ ဆေးရုံရှေ့တွင် ထောက်ခံသူများက လာရောက်စုရုံး အောင်ပွဲခံခဲ့ကြကြောင်းလည်း သိရသည်။

မစ္စတာ ဖူဂျီမိုရီသည် ပီရူးသမ္မတအဖြစ် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ အထိ တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် အကျဉ်းကျနေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly