ရခိုင်နှစ်ပါတီ ပူးပေါင်းမည့်ကိစ္စ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလတွင် ကြေညာမည်

ရခိုင်နှစ်ပါတီ ပူးပေါင်းမည့်ကိစ္စ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလတွင် ကြေညာမည်

စစ်တွေ၊ ဒီဇင်ဘာ ၂၅ ရက်။           ။ ရခိုင်နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းမည့် ကိစ္စနှင့် ပတ်သက်၍ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ပထမသီတင်းပတ်တွင် အတည်ပြုချက် ထုတ်ပြန်ပေးမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ထံမှ သိရသည်။

“မနေ့ကလုပ်တဲ့ အစည်းဝေးမှာ ဒီအကြောင်းကို ဆွေးနွေးတယ်။ ပူးပေါင်းဖို့ မပေါင်းဖို့ ဆိုတာကိုလဲ ဆုံးဖြတ်ပြီးပြီ။ သို့သော် သူတို့ဖက်ကိုလည်းတစုံတရာ အကြောင်း မကြားရသေးဘူး။ ဒါကို မီဒီယာကိုလည်း ပြောလို့မဖြစ်သေးဘူး။ မြို့နယ်ရုံးတွေ ဖွင့်လှစ်နေတဲ့ ခရီးစဉ်ပြီးမှ APP ပါတီကို ပြန်ပြီးတော့ စာပြန်သွားမှာပါ။ လောလောစဉ်တော့ ဒီကိစ္စကို ပြောလို့ မရသေးပါဘူး။” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က  ပြောသည်။

ပူးပေါင်းနိုင်ဖွယ်ရှိသည့် ရခိုင်ပါတီနှစ်ခုမှာ ရခိုင်မျိုးချစ်ပါတီ APP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ဖြစ်ပြီး ပါတီ နှစ်ခုစလုံးမှာ ရခိုင်အမျိုးသားပါတီ ANP မှ ၂၀၁၅ ခုနှစ်တွင် APP ကလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ALD က လည်းကောင်း အသီးသီး ခွဲထွက် လာခဲ့ခြင်းလည်း ဖြစ်သည်။

ရခိုင်မျိုးချစ်ပါတီ APP သည် ဒီဇင်ဘာလ ၂ ရက်နေ့က ၎င်းတို့၏ ၄ ကြိမ်မြောက် ပါတီဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီး ပါတီတွင်း သဘောတူ ဆုံးဖြတ်ချက်အရ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်သို့ ပူးပေါင်းရန် ကမ်းလှမ်းကြောင်း ရခိုင်မျိုးချစ်ပါတီက တရားဝင် စာပေးပို့ခဲ့သည်။

“ အခု ALDနဲ့ ကျွန်တော်တို့ပါတီ ပေါင်းစည်းတာကတော့ မူဝါဒလမ်းစဉ် တူညီနေလို့ပါ။ ကျွန်တော်တို့ ဆိုလိုတာကတော့ (UNA) အတိုင်း သွားနေတဲ့ မူတူတဲ့ လူပုဂ္ဂိုလ်နဲ့ သော်လည်းကောင်း၊ အဖွဲ့စည်းနဲ့ သော်လည်းကောင်း ရည်ရွယ်တဲ့ ရခိုင်တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းသွားမှာပါ။” ဟု ရခိုင်မျိုးချစ်ပါတီ ဗဟို ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ပြောသည်။

အဆိုပါ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တို့က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသလို ဆုံးဖြတ်ချက်လည်း ချမှတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်တွင် မထုတ်ပြန်နိုင်သေးဘဲ လာမည့် ဇန်နဝါရီလတွင်မှ ထုတ်ပြန်ရန် သဘောတူခဲ့ကြခြင်းလည်း ဖြစ်သည်ဟု ALD က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် လက်ရှိတွင် ပြည်နယ်အတွင်း မြို့နယ်များတွင် မြို့နယ်ရုံးများကို  ဖွင့်လှစ်လျက်ရှိပြီး ဇန်နဝါရီလ ရ ရက် နေ့တွင် ပြီးဆုံးမည်ဟု သိရသည်။

အဆိုပါ ခရီးစဉ် ပြီးဆုံးသည်နှင့် တပြိုင်နက် ရခိုင်မျိုးချစ်ပါတီသို့ ပြန်လည်အကြောင်းကြားစာ ပေးပို့ပြီး နောက်တစ်နေ့ မနက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟို ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က RiA သို့ ပြောသည်။

ရခိုင်မျိုးချစ်ပါတီ (APP) ကို ကြေညာချက်အမှတ် (၁၅/၂၀၁၄) အရ နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၉၇) ဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီ အဖြစ်လည်းကောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ပါတီကို ကြေညာချက် အမှတ် (၁၈/၂၀၁၇) အရ  နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၁၀၃) ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် လည်းကောင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသီးသီး တည်ထောင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါတီ ၂ ရပ် ပူးပေါင်းပါက ပိုပြီး ပါတီအင်အား ကောင်းလာနိုင်ဖွယ်ရှိပြီး ANP မှာမူ လက်ရှိ ထိပ်သီးပါတီအဖြစ် ဆက်လက်ရှိနေကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly