အနားယူဖို့ အစီအစဉ်မရှိသေးဘူးဆိုတဲ့ ကမ္ဘာ့ အသက်အကြီးဆုံး လေယာဉ်မယ်

အနားယူဖို့ အစီအစဉ်မရှိသေးဘူးဆိုတဲ့ ကမ္ဘာ့ အသက်အကြီးဆုံး လေယာဉ်မယ်

ဒီဇင်ဘာ ၂၅ ။           ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ခြောက်ခုအတွင်း ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းထဲမှာတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ ယင်းကာလအတွင်း နည်းပညာအသစ်အဆန်းတွေလည်း အများကြီး ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာတွေ ဘယ်လိုပဲ ပြောင်းလဲသွားသွား မပြောင်းမလဲဘဲ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတစ်ခုကတော့ ရှိနေပါသေးတယ်။ ဒါကတော့ ပြီးခဲ့တဲ့ အနှစ်ခြောက်ဆယ်အတွင်းမှာ လေယာဉ်စီး ခရီးသွားတွေကို အပြံုးချိုချိုလေး ပေးပြီး ၀န်ဆောင်မှုပေးနေလျက်ရှိတဲ့ ဘက်တီ နက်ရှ် ဆိုသူ အသက် ၈၁ နှစ်အရွယ် အမေရိကန် လေယာဉ်မယ်တစ်ဦးပဲ ဖြစ်ပါတယ်။

ဘက်တီ နက်ရှ်ဟာ ဆိုရင် အမေရိကန်လေကြောင်းလိုင်းမှာ လုပ်သက် ၆၀ နီးပါး ရှိနေပြီ ဖြစ်တဲ့ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ကမ္ဘာ့ အသက်အကြီးဆုံး သော လေယာဉ်မယ်လည်း ဖြစ်ပါတယ်။ လေယာဉ်မယ် လုပ်သက်က သူမတူအောင် ကြာမြင့်နေခဲ့ပြီဖြစ်လို့ ခုဆိုရင် ပုံမှန်သွားလာနေတဲ့ လေယာဉ်စီး ခရီးသွားတွေဆိုရင် သူမနဲ့ မိတ်ဆွေတွေအဖြစ်တောင် ရောက်နေကြပြီ ဖြစ်ပါတယ်။

ဘက်တီ ပုံမှန် လိုက်နေကြ ခရီးစဉ်ကတော့ ၀ါရှင်တန်- ဘော်စတွန်- ၀ါရှင်တန် လမ်းကြောင်း ဖြစ်ပါတယ်။ သူမ ပုံမှန်လိုက်နေကျ လမ်းကြောင်းဖြစ်လို့ စီးနင်းသွားလာနေတဲ့ ခရီးသည်တွေက သူမရဲ့ သူငယ်ချင်းတွေ ဖြစ်နေပါပြီ။

" ကျွန်မ အသက် ၁၆ နှစ်အရွယ်တုန်းက ပထမဆုံး လေယာဉ်စီးဖို့ လေဆိပ်ရောက်ခဲ့ချိန်မှာပဲ  ခုလို လေယာဉ်မယ်ဖြစ်ချင်စိတ် ဖြစ်လာခဲ့တာပါ၊ အဲဒီတုန်းက မှတ်မိပါသေးတယ် ၊ ကျွန်မ အမေနဲ့ အတူ ၀ါရှင်တန် ရေဂင် လေဆိပ်မှာ ထိုင်စောင့်နေတုန်း လေယာဉ် ပိုင်းလော့တစ်ယောက်နဲ့ လေယာဉ်မယ်တစ်ယောက်တို့ ကျွန်မတို့ ရှေ့ကနေ ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်၊ အဲဒီအချိန်မှာပဲ 'အိုးမိုင်ဂေ့ါ၊ သူတို့ကို အားကျလိုက်တာ၊ ငါလဲ သူတို့လို ဖြစ်ချင်လိုက်တာ၊ ဟုတ်ပြီ ငါဖြစ်အောင် လုပ်မယ်' ဆိုတဲ့ အိပ်မက် စမက်ခဲ့တော့တာပါပဲ" လို့ ဘက်တီက ပြောပါတယ်။

အဲဒီနောက် ဘက်တီဟာ ကောလိပ်ဒီဂရီတစ်ခု ရအောင် လုပ်ခဲ့ပြီးနောက် လေယာဉ်မယ်အလုပ်ကို လျှောက်ခဲ့ပါတယ်။ ယင်းနောက် ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာပဲ ယခုအချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Eastern Airlines မှာ အလုပ်ရခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် လေကြောင်းလုပ်ငန်းထဲမှာ အပြောင်းအလဲ တွေဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူမကတော့ ဘဝတစ်လျှောက် လေယာဉ်မယ်အဖြစ်နဲ့ စွဲစွဲမြဲမြဲ ဆက်ရှိနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာကလည်း လေယာဉ် ပိုင်းလော့တွေကို အသက် ၆၅ နှစ်မှာ အနားယူရမယ်လို ပြဌာန်းထားပေမယ့် လေယာဉ်မယ်တွေအပေါ်မှာတော့ ဘယ်လို ကန့်သတ်ချက်မှ မရှိတာကြောင့် ဘက်တီက ယခုလို ကမ္ဘာ့အသက်ကြီးဆုံးသော စီနီယာ လေယာဉ်မယ်တစ်ဦး ဖြစ်နေနိုင်တာဖြစ်ပါတယ်။

ခုလက်ရှိအချိန်မှာတော့ သူမဟာ အမေရိကန်လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေလျက်ရှိတုန်းပဲ ဖြစ်ပြီး အနားယူဖို့လည်း အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly