သာယာဝတီထောင်ပြန် နိုင်ငံရေးအကျဉ်းသားများ (Anti Labour) တိုက်ပွဲ ၂၈ နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံ

သာယာဝတီထောင်ပြန် နိုင်ငံရေးအကျဉ်းသားများ (Anti Labour) တိုက်ပွဲ ၂၈ နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံ

ရန်ကုန် ဒီဇင်ဘာ ၂၄ ။            ။ ၁၉၈၉ ခုနှစ်က သာယာဝတီထောင်တွင်း နိုင်ငံရေး အကျဉ်းသား ၉၄ ဦး စုစည်းပြုလုပ်ခဲ့သည့် ထောင် တွင်းတိုက်ပွဲ ဖြတ်သန်းခဲ့ရမှုအခြေအနေများနှင့် အကျဉ်းသားဟောင်းများတွေ့ဆုံ ဂုဏ်ပြုပွဲကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။

သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားများ (Anti Labour) တိုက်ပွဲ ၂၈ နှစ်မြောက် အထိမ်းအမှတ် သာယာဝတီပြန်နိုင်ငံရေး အကျဉ်းသား ဟောင်းများတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသားဟောင်းများ တွေ့ဆုံခဲ့ကြသည်။

ယင်း တွေ့ဆုံပွဲတွင် သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရပုံကို နိုင်ငံရေး အကျဉ်းသားများက ထောင်ဝတ်စုံများ ဝတ်ဆင် ၍ သရုပ်ဖော်တင်ဆက်ပြသခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ပထမဆုံးထောင်တွင်းတိုက်ပွဲဆိုတာကို အသိအမှတ်ပြုရလိမ့်မယ်၊ ဒီ Anti လုပ်တဲ့ဟာ အလုပ်ကို ဆန့်ကျင်တာ မဟုတ်ဘူး၊ မတရားတဲ့နိုင်ငံရေးအရ ဦးချိုးမှုတွေ၊ မတရားတဲ့ ဖိနှိပ်မှုတွေကို အမိန့်တွေ အာဏာ တွေ တော်လှန်တဲ့တိုက်ပွဲ ဖြစ်တယ်" ဟု သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ကျော်မင်း က ပြောသည်။

ရွှေဝါရောင်ဆရာတော်တစ်ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ရွှေတွံတေးဆရာတော်က ညီညွတ်ရေးတရား ချီးမြှင့်ခဲ့ကာ သာယာဝတီထောင်ပြန် နိုင်ငံရေးအကျဉ်းသားဟောင်းများက ထောင်တွင်း တိုက်ပွဲ အတွေ့အကြုံများကို ပြောခဲ့ကြသည်။

" ဒီတွေ့ဆုံပွဲကတော့ ကိုယ်တို့ရဲ့ရဲဘော်တွေ နေမကောင်းတဲ့သူ ရှိတယ်။ အဆင်မပြေတဲ့သူ ရှိကြတယ်။ ဒါကြောင့် အားလုံးစုစည်းမယ်။ သူတို့ ဘာဖြစ်နေလဲ။ ဘာလိုအပ်လဲ။ ကျွန်တော်တို့ ရင်ဘတ်ချင်းတူတဲ့ ရဲဘော်တွေ ပြန်စုတာပေါ့၊ လူမှုရေးကို အဓိကထားတာပေါ့။ အခု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကနေ သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားဟောင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဖွဲ့ထားတာရှိတယ်။ တတ်နိုင်သလောက် ထောက်ပံ့နေတယ်" ဟု သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ထွေး က ပြောသည်။

သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားများ (Anti Labour) တိုက်ပွဲအပြီးတွင် ပျောက်ဆုံး၊ ဒဏ်ရာရ၊ သေဆုံးသူမှာ ၂၂ ဦး ရှိခဲ့ကြောင်း သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ သုတေသနပြု ချက် မှတ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly