ဖိလစ်ပိုင်တောင်ပိုင်း၌ တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ အထိမြင့်တက်လာ

ဖိလစ်ပိုင်တောင်ပိုင်း၌ တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ အထိမြင့်တက်လာ

မနီလာ၊ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၂၄ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူအများအပြားပျောက်ဆုံးနေကာ သေဆုံးသူ ၂၀၀ ထက်မနည်း ရှိလာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

တမ်ဘင်ဟုအမည်ပေးထားသော အပူပိုင်းမုန်တိုင်းသည် လူပေါင်း သန်း၂၀ခန့်နေထိုင်ရာ မင်ဒါနာအိုကျွန်းသို့ သောကြာနေ့က တိုက်ခတ်ခဲ့ပြီး ၄င်း၏ပြင်းထန်သောလေတိုက်နှုန်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် တောင်ပေါ်ရွာလေးတစ်ရွာထက်မနည်း ပျက်စီးသွားခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါတမ်ဘင်မုန်တိုင်း တောင်တရုတ်ပင်လယ်အတွင်းသို့ တနင်္ဂနွေနေ့မနက်အစောပိုင်းက ၀င်ရောက်သွား ပြီးနောက်တွင် လက်ရှိအချိန်ထိ လူပေါင်း ၁၄၄ဦးခန့်ပျောက်ဆုံးနေပြီး လူပေါင်း ၄သောင်းကျော်ခန့် နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရကာ ယာယီစခန်းများ၌ ခိုလှုံနေရကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းအဖွဲ့ IFRC ၏အဆိုအရ မုန်တိုင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ရ သောင်းခန့်ရှိခဲ့ကြောင်း သိရသည်။ ဒါ့အပြင် သည်းသည်းမဲမဲနှင့် ဆက်လက်ရွာသွန်း နေသောမိုးကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေဖို့ခက်ခဲနေကြောင်း IFRC က ဆိုခဲ့သည်။

“လူတွေဟာ သူတို့ရှင်သန်ရေးအတွက် အရာအားလုံးကိုချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ရပါတယ်” ဟု IFRC ၏ ဖိလစ်ပိုင်မှ ပရိုဂရမ်မန်နေဂျာဖြစ်သော ပတ်ထရစ်အဲလီယော့က ပြောခဲ့သည်။

ကျွန်းစုနိုင်ငံဖြစ်သော ဖိလစ်ပိုင်သည် နှစ်စဉ်နှစ်တိုင်း မုန်တိုင်းကြီးများ၏ဒဏ်ကို ကြံုတွေ့ခံစားနေရပြီး လူအသေ အပျောက်လည်း အမြဲလိုလိုရှိခဲ့သည်။

မင်ဒါနာအိုကျွန်းမြောက်ပိုင်းတွင် မုန်တိုင်းကြောင့်သေဆုံးသူ ၁၃၅ဦးအထိရှိခဲ့ပြီး ရ၂ဦးခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဆင်းရဲချို့တဲ့သော ဇမ်ဘိုအန်ဂါကျွန်းဆွယ်ဒေသ၌ ၄၇ ဦးသေဆုံးကာ ရ၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ ဒါ့အပြင် ကျွန်း၏အလယ်ဗဟိုတွင်ရှိသော လာနာအိုဒယ်ဆာခရိုင်အတွင်း၌ သေဆုံးသူပေါင်း ၁၈ဦးခန့်ရှိကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly