ဘတ်စ်ကားသစ်များဖြင့် ပြေးဆွဲမည့် YBS ယာဉ်လိုင်းအသစ်တစ်ခု လျှောက်ထား

ဘတ်စ်ကားသစ်များဖြင့် ပြေးဆွဲမည့် YBS ယာဉ်လိုင်းအသစ်တစ်ခု လျှောက်ထား
Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော YBS ၂၁ ယဉ်လိုင်းအား တွေ့ရစဉ်။

ရန်ကုန်၊ဒီဇင်ဘာ၂၄ ။          ။ ဘတ်စ်ကားအသစ် စီးရေ ၅၀၀ ကျော် ဖြင့် ပြေးဆွဲမည့် YBS ယာဉ်လိုင်းအသစ်တစ်ခုကို လူထုမိတ်ဆွေကုမ္ပဏီ မှ လျှောက်ထားကြောင်း အဆိုပါကုမ္ပဏီအုပ်စုတွင် ပါဝင်သည့် Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောသည်။

"ဘာမှကို အစီအစဉ်မဆွဲရသေးပါဘူး။ ကျွန်တေ်ာတို့ လုပ်ငန်းရဲ့သဘောသဘာဝကလေ။ ယာဉ်လိုင်း လျှောက်တယ်။ ယာဉ်လိုင်းကျတယ် ။ ခရီးစဉ်အကွာအဝေးအလိုက် ဘယ်နှစ်စီးနဲ့ဆွဲမယ်။ ဘယ်လို စီစဉ်မယ်ဆိုတာမျိုး စရတာ။ ယာဉ်လိုင်းလျှောက်တာက အခုမှလျှောက်ထားဆဲဆိုတော့ ဘာမှကို ကျွန်တော်တို့လည်း အတည်ပြုလို့ မရသေးဘူး" ဟု Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ကိုတရုတ်လေးက ပြောသည်။

လက်ရှိတွင် ယာဉ်လိုင်းလျှောက်ထားဆဲ ဖြစ်ပြီး မည်သည့်နေရာများသို့ ပြေးဆွဲမည်ကို အတည်မပြုနိုင်သေး ကြောင်း သိရသည်။ ထိုသို့ YBS ယာဉ်လိုင်း ပြေးဆွဲရန် လျှောက်ထားသည့် လူထုမိတ်ဆွေကုမ္ပဏီတွင် Power Eleven ကုမ္ပဏီ ၊ အောင်မြင်သူဂရုပ် နှင့် လုပ်ငန်းရှင်များ ပါဝင်မည် ဖြစ်သည်။

"လူထုမိတ်ဆွေ ဆိုတာက ကုမ္ပဏီအနေနဲ့ပဲ ထောင်လိုက်တာ အမှန်က Max ကတော့ မပါပါဘူး။ သတင်းထဲမှာလည်း Max ကို ထည့်ပြီး ပြောနေတာ ရှိတယ်။ အမှန်တော့ သီးခြားဗျ။  အတိအကျပြောရင် ကျွန်တော်တို့ ပါဝါအလဲဗင်း ပါတယ်။ အောင်မြင်သူဂရုပ် ပါတယ်။ နောက် တခြားလုပ်ငန်းရှင်တွေ ပါတယ်။ အဲဒါ ကျွန်တော် တို့ စုပြီးတော့ လူထုမိတ်ဆွေ ဆိုပြီး ထောင်လိုက်တာ"ဟု ကိုတရုတ်လေးက ပြောသည်။

ယင်းသို့ ကုမ္ပဏီ ပူးပေါင်းတည်ထောင်လိုက်သည့်အတွက် အဆိုပါကုမ္ပဏီများ လက်အောက်ရှိ ယာဉ်လိုင်းများ အားလုံး၊ လုပ်ငန်းများအားလုံးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် Power Eleven ကုမ္ပဏီလက်အောက်တွင် YBS ၂၁ ၊ ၄၁ ၊ ၂၂ တို့ ပြေးဆွဲနေပြီး YBS ၃၉ ယာဉ်လိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက်လည်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့( YRTA )မှ တရားဝင်စာ ထုတ်ပြန်စာ ရရှိပြီး ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသစ်အတွက် တရုတ်နိုင်ငံ Foton ကုမ္ပဏီထုတ် ဘတ်စ်ကားအစီးရေ ၅၀၀ ကျော်ကို ထည့်သွင်း အသုံးပြုသွားရန်လည်း စီစဉ်ထားသောကြောင့် လျှောက်ထားသည့် ယာဉ်လိုင်းအသစ်တွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly