ဘရာဇီးနှင့်ကနေဒါမှ သံတမန် ၂ ဦးကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် ဗင်နီဇွဲလားစီစဉ်

ဘရာဇီးနှင့်ကနေဒါမှ သံတမန် ၂ ဦးကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် ဗင်နီဇွဲလားစီစဉ်

ဒီဇင်ဘာ ၂၄ ။           ။ ဗင်နီဇွဲလားမှ သြဇာအာဏာကြီးမားသော အရာရှိတစ်ဦးသည် ဗင်နီဇွဲလား၏နိုင်ငံရေးကို ၀င်ရောက်စွတ်ဖက် နေသည်ဟု စွပ်စွဲခံထားရသော ဘရာဇီးနှင့် ကနေဒါတို့မှ ထိပ်သီးသံတမန် ၂ ဦးကို နိုင်ငံအတွင်းမှနှင်ထုတ်ရန် ကြိုးပမ်းနေသည်။

ဗင်နီဇွဲလားနိုင်ငံ၏ တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌ ဒယ်လ်စီရိုဒရီဂွက်ဇ်က ဘရာဇီးနှင့် ကနေဒါသံတမန် ၂ ဦးကို သံအဖွဲ့အဖြစ် ဆက်လက်ထားရှိရန် ဗင်နီဇွဲလားအစိုးရမှ မလိုလားတော့ကြောင်း စနေနေ့က ကြေညာခဲ့ပြီး သူတို့နှစ်ဦးထံတွင် သံတမန်အဖြစ်သင့်တော်သော အရည်အချင်းများမရှိကြောင်း ပြောဆိုခဲ့သည်။

ဘရာဇီးသံတမန် ရွိုင်းပါရဲရားနှင့် ကနေဒါသံအမတ် ခရိတ်ကိုဝေါလစ်ခ်တို့က ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ် မာဒူယို၏ အာဏာရပါတီသည် အာဏာကိုတစ်စုတည်းရယူပြီး နိုင်ငံ၏အတိုက်အခံပါတီများကို သီးခြားခွဲထုတ် ထားသည်ဟု ဝေဖန်ပြောဆိုခဲ့သည့်အတွက် ယခုလို အရေးယူခံရခြင်းဖြစ်သည်။

ဒါ့အပြင် ကိုဝေါလစ်ခ်သည် ဗင်နီဇွဲလားနိုင်ငံနှင့်ပက်သက်၍ ရိုင်းစိုင်းပြီး အောက်တန်းကျသော မှတ်ချက်များကို တွစ်တာ၌ရေးသားခဲ့ဖူးကြောင်း ရိုဒရီဂွက်ဇ်က ပြောခဲ့သည်။

အမေရိကန်သံတမန်အသစ် တော့ဒ်ရော်ဘင်ဆန်နှင့် ဗင်နီဇွဲလားအစိုးရတို့ စကားနိုင်လုငြင်းခုန်ပြီးနောက် ရက်ပိုင်းအကြာတွင် သံတမန်များအား ယခုလိုနှင်ထုတ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။

တော့ဒ်ရော်ဘင်ဆန်က ဗင်နီဇွဲလားအာဏာရပါတီသည် လာမည့်နှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ အတိုက်အခံပါတီ ၃ ခုအား ၀င်ရောက်ယှဉ်ပြိုင်၍မရအောင် တားမြစ်ထားသည်ဟု ဝေဖန်ခဲ့ပြီးနောက် ဗင်နီဇွဲ လားအစိုးရနှင့် အချင်းများလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags