ဖိလစ်ပိုင်ရှိ စျေးဝယ်စင်တာတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၃၇ ဦးထက်မနည်း သေဆုံးနိုင်ဖွယ်ရှိ

ဖိလစ်ပိုင်ရှိ စျေးဝယ်စင်တာတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူ ၃၇ ဦးထက်မနည်း သေဆုံးနိုင်ဖွယ်ရှိ

ဒါဗါအို၊ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၂၄ ။            ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ဒါဗိုအိုမြို့မှ စျေးဝယ်စင်တာတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၇ ဦး ထက်မနည်း သေဆုံးနိုင်ဖွယ်ရှိကြောင်း   ဒေသတွင်းအာဏာပိုင်များက တနင်္ဂနွေနေ့၌ ပြောခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော မီးဘေးကာကွယ်ရေးဗြူရိုမှ အရာရှိတစ်ဦး၏အဆိုအရ ထိုလူပေါင်း ၃၇ ဦးကို ကယ်တင်နိုင်မည့်အခွင့်အရေးမှာ သုညအခြေအနေတွင်သာရှိတော့ကြောင်း ဖိလစ်ပိုင်သမ္မတ၏ သားဖြစ်သော ဒါဗာအိုမြို့တော်ဝန် ပါအိုလိုဒူတာတေးက သူ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားခဲ့သည်။

မီးလောင်ကျွမ်းမှုသည် စနေနေ့မနက်ပိုင်းက လေးထပ်အမြင့်အရှိသော NCCC စျေးဝယ်စင်တာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အတွင်းထဲ၌ လူပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း ဒေသဆိုင်ရာရဲအရာရှိ ရဲ့လ်ဖ်ကာနွိုင်းက ပြောခဲ့သည်။

ထိုမီးသည် တနင်္ဂနွေနေ့မနက်အာရုဏ်အထိ လောင်ကျွမ်းနေခဲ့သည်ဟုလည်း ကာနွိုင်းက ပြောခဲ့သည်။

“မီးက သုံးထပ်မြောက်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပါတယ်။ ဒီအဆောက်အဦးအတွင်းထဲမှာ အထည်တွေ၊ သစ်သားပရိဘောဂတွေ၊ ပလပ်စတစ်ပစ္စည်းတွေရှိနေတာကြောင့် မီးကလျင်လျင်မြန်မြန်ပဲ ပျံ့နှံ့လောင်ကျွမ်း သွားတာဖြစ်ပြီး ငြိမ်းသတ်ဖို့ အချိန်များစွာကြာမြင့်ခဲ့ရပါတယ်” ဟု သူက ပြောခဲ့သည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ သေဆုံးသူအများစုသည် စျေးဝယ်စင်တာအတွင်းရှိ ၂၄ နာရီလုံး အလုပ်လုပ် သည့် ဆက်သွယ်ရေးစင်တာအတွင်း၌ ပိတ်မိနေခဲ့ကြကြောင်း သူက ဆက်ပြောခဲ့သည်။

“သူတို့ဟာ အလုပ်လုပ်နေတာကြောင့် မီးကပျံ့နှံ့လောင်ကျွမ်းနေတာကို သတိမထားမိလိုက်ကြတာ ဖြစ်နိုင် ပါတယ်”ဟု ကာနွိုင်းက ဆက်သွယ်ရေးစင်တာအတွင်းရှိ အလုပ်သမားများနှင့်ပက်သက်၍ ပြောခဲ့သည်။

ဒါ့အပြင် မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးကြောင်း သူက ဆိုခဲ့သည်။

ဒါဗာအိုမြို့တော်ဝန်အဖြစ် ဆယ်စုနှစ် ၂စုခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေး သည် မီးလောင်ကျွမ်းခဲ့သည့် စျေးဝယ်စင်တာသို့ စနေနေ့ညကလာရောက်ခဲ့ပြီး သေဆုံးသူများ၏မိသားစုဝင်များ နှင့်တွေ့ဆုံကာ နှစ်သိမ့်အားပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly