အိန္ဒိယတွင် ခရီးသည်တင်ဘတ်စ်ကား မြစ်ထဲထိုးကျ၍ လူ ၃၂ ဦး သေဆုံး

အိန္ဒိယတွင် ခရီးသည်တင်ဘတ်စ်ကား မြစ်ထဲထိုးကျ၍ လူ ၃၂ ဦး သေဆုံး
Photo-efe-epa

နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ။           ။ အိန္ဒိယနို်င်ငံ အနောက်ပို််င်း ရာဂျစ်စသန်ပြည်နယ်တွင် မြစ်အတွင်းသို့ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ထိုးကျခဲ့ရာမှ လူပေါင်း ၃၂ ဦး သေဆုံးကြောင်း ရဲက ပြောသည်။

မြို့တော် နယူးဒေလီမှ ၂၃၅ မိုင် ဝေးသော ဆာဝေမာဒဟိုပူရ်ခရိုင်တွင် ဒီဇင်ဘာ ၂၃ ရက်က မြစ်အတွင်း ကားထိုးကျမှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ခရီးသည် ၁၀ ရှိသည်ဟု အစိုးရတာဝန်ရှိသူ ကာတာရာက ပြောသည်။

တံတားတစ်စင်းပေါ်တွင် ရှေ့က ကားတစ်စီးကို အရှိန်ဖြင့် ယင်းဘတ်စ်ကားက ကျော်တက်စဉ် မြစ်အတွင်း ထိုးကျခြင်း ဖြစ်ကြောင်း ရဲထိပ်တန်းအရာရှိ ဆိုနီက ဆိုသည်။

ဘတ်စ်ကားအား ဒရိုင်ဘာဖြစ်သူ မထိန်းနိုင်ဖြစ်သည့် အကြောင်းရင်းခံကို ရဲက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယင်းဒရိုင်ဘာဖြစ်သူ အသက်ရှင်မရှင်နှင့် ကားပေါ် ခရီးသည်မည်မျှ လိုက်ပါလာကြောင်း မသိရသေးပေ။

လက်ရှိအထိ မြစ်အတွင်းမှ ရုပ်အလောင်းပေါင်း ၃၂ လောင်းကို ကယ်ဆယ်ရေးသမားများက ဆယ်ယူထားသည်။

ဆာဝေမာဒဟိုပူရ် ဘူတာရုံမှ ခရီးသည်များကို တင်ဆောင်ကာ ပြည်နယ်တွင်းရှိ လာ်ဆော့မြို့သို့ ဦးတည်မောင်းနှင်စဉ် နံနက် ခြောက်နာရီခန့်တွင် ယခုကဲ့သို့ မြစ်တွင်း ထိုးကျခြင်း ဖြစ်သည်ဟု ရဲအရာရှိ နာရိန်းဆင်းချ်က ပြောသည်။

အိန္ဒိယနိုင်ငံအတွင်း ဒရိုင်ဘာများ မဆင်မခြင်မောင်းနှင်မှု၊ လမ်းများ မကောင်းမွန်ခြင်းနှင့် ယာဉ်ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းများကြောင့် ယာဉ်မတော်တဆမှုများ အဖြစ်များသည်။

ရဲစာရင်းအချက်အလက်များအရ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် ယာဉ်တိုက်မှုများကြောင့် သေဆုံးသူဦးရေသည် ၁၁၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly