ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၃ ဦး ရှိလာ

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၃၃ ဦး ရှိလာ

မနီလာ၊ ဒီဇင်ဘာ ၂၃ ။          ။ ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုက်ခတ်သော အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေသည် ၁၃၃ ဦးအထိ ရှိသွားပြီဖြစ်ကာ ရေကြီးရေလျှံသော မြစ်တစ်မြစ်အတွင်းမှ   မျောပါလာသော ရုပ်အလောင်းများကိုလည်း ကယ်ဆယ်ရေးသမားများက ဆွဲတင်ယူနေရကြောင်း ရဲဌာနက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက်မှစကာ နိုင်ငံ၏ ဒုတိယအကြီးဆုံး မန်ဒါနာအိုကျွန်းသို့ တမ်ဘင်းမုန်တိုင်း ဝင်ရောက်လာခြင်း ဖြစ်ပြီး ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပွားသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တစ်နှစ်လျှင် မုန်တိုင်းကြီး ၂၀ မျှ ပျမ်းမျှရင်ဆိုင်ရပြီး အသေအပျောက်များသည်။ သို့သော် လူဦးရေ သန်း ၂၀ ရှိသော မန်ဒါနာအိုမှာ ယခုလို ဆိုင်ကလုန်းမုန်တို်င်းမျိုး ကြုံတွေ့ရခဲသည်။

ဆာလော့ချ်မြစ်အတွင်းမှ ဆယ်ယူရရှိသည့် ရုပ်အလောင်းပေါင်းမှာ ဒီဇင်ဘာ ၂၃ ရက်အထိ ၃၆ လောင်းရှိပြီး ဇမ်ဘိုအမ်ဂါကျွန်းစုတွင် အသေအပျောက်အများဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။

ဇမ်ဘိုအမ်ဂါတွင် သေဆုံးသူဦးရေသည် ၂၈ ဦးအထိ မြင့်တက်ပြီး ပျောက်ဆုံးနေသူ ၈၁ ဦးရှိကြောင်း ရဲက ထုတ်ပြန်သည်။ စီဘူကိုနှင့် အခြားတံငါသည်မြို့များတွင် ရွံ့နွံမြေပြိုမှုများကြောင့် ယခုကဲ့သို့ သေဆုံးကြခြင်း ဖြစ်သည်။

ဖိလစ်ပိုင်တွင် အသေအပျောက်အများဆုံး မုန်တိုင်းမှာ ဟိုင်ယန်မုန်တိုင်းဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာအတွင်းက အလယ်ပိုင်း လူနေထူထပ်ရာ နယ်မြေဧရိယာများတွင် တိုက်ခတ်သွားခဲ့ခြင်းကြောင့်   သေဆုံးသူ ထောင်ပေါင်းများစွာ ရှိခဲ့ပြီး မြို့ရွာများစွာ ပျက်စီးခဲ့ရသည်။

ယခု တမ်ဘင်းမုန်တိုင်းသည် အနောက်ပိုင်း ပါလာဝန်ကျွန်းသို့ ဒီဇင်ဘာ ၂၃ ရက်တွင် ရွှေ့လျားတိုက်ခတ်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly