ရန်ကုန်မြို့ဆေးရုံများမှ စျေးဆိုင်များကို FDA ဆက်စစ်သွားမည်

ရန်ကုန်မြို့ဆေးရုံများမှ စျေးဆိုင်များကို FDA ဆက်စစ်သွားမည်

ရန်ကုန်၊ဒီဇင်ဘာ၂၃ ။           ။ ရန်ကုန်ဆေးရုံကြီးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကျန်ရှိသည့်ဆေးရုံများမှ စျေးဆိုင်များကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကိုမင်းဝေက ပြောသည်။

"တက္ကသိုလ်တွေကတော့စီမံချက်ပုံစံမျိုးနဲ့ပဲ ဆေးရုံတွေကတော့ပုံမှန်အတိုင်းပဲ စစ်နေတဲ့ထဲဝင်ပြီးစစ်သွားမှာပဲ...ဆေးရုံကတော့ အဲဒီကျန်တဲ့ဆေးရုံတွေပေါ့ မြောက်ဥက္ကလာပတို့ သင်္ဃန်းကျွန်းတို့ ဆိုင်များများစားစားလေးရှိတဲ့နားတွေ အဲဒီလိုဟာမျိုးတွေကို စစ်ပေးဖို့ရှိတယ်"ဟု ကိုမင်းဝေက ပြောပြသည်။

အရေးယူမှုအပိုင်းတွင် ပထမဦးဆုံးအကြိမ်တွေ့ရှိပါက ရောင်းချသည့်စျေးဆိုင်များကို ခံဝန်ကတိထိုးခိုင်းမည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံတွေ့ရှိပါက တွေ့ရှိသည့်ပစ္စည်းပေါ်မူတည်ကာ အရေးယူသွားမည်ဖြစ်သည်။

"ဥပမာရန်ကုန်ဆေးရုံကြီးမှာတုန်းကဆိုရင် မုန့်ဖက်မှာဖော်မလင်တွေ့တယ် ။ ဘယ်ဆိုင်ကဝယ်လဲမေးတယ်။အဲဒီဆိုင်ကိုလိုက်တယ်ပေါ့နော် ။ အဲဒီဆိုင်ကိုလိုက်တဲ့အခါမှာ ပင်ရင်းဆိုင်မှာကျတော့   ဖော်မလင်(ရုပ်အလောင်းများတာရှည်ခံစေရန်အသုံးပြုသည့်ဆေး)က Negative(မပါ)ကြီးပဲ မတွေ့ဘူးပေါ့ အဲဒီလိုဟာလေးတွေတော့ရှိတယ်ပေါ့နော်"ဟု ကိုမင်းဝေက ဆိုသည်။

ထို့ကြောင့် ဆိုင်နာမည်၊ နေရာ အတိအကျပါဝင်နိုင်သော ဘောက်ချာရရှိသည့်နေရာများမှ ကုန်ကြမ်းများကို စျေးရောင်းချသူများအနေဖြင့် ဝယ်ယူရန်တိုက်တွန်းထားသည်ဟု ၄င်းကဆိုသည်။

စားသုံးသူများအနေဖြင့်လည်း အရောင်လှသည့်အစားအသောက်များထက် ကျန်းမာရေးနှင့်ညီညွှတ်သည်များကိုသာ ရွေးချယ်သင့်ကြောင်း လည်း၄င်းက အကြံပြုသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သည် စျေးများ၊ ကျောင်းများမှ အစားအသောက်များကိုစစ်ဆေးလျက်ရှိရာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများမှ စားသောက်ဆိုင်များကိုလည်း ပြီးခဲ့သည့်လမှစ၍ အထူးစီမံချက်ဖြင့် စတင်စစ်ဆေးနေသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်(၂၅)ခုမှ ရန်ကုန်တက္ကသိုလ်ကို နိုဝင်ဘာ ၂၈ ရက်နှင့် စားသောက်ဆိုုင်(၇၀)ရှိနေသည့် ရန်ကုန်ဆေးရုံကြီးကို ဒီဇင်ဘာ၂၁ရက်နေ့၌ ပထမဦးဆုံးအကြိမ်ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုကဲ့သို့လိုက်လံစစ်ဆေးရာတွင် ကျန်းမာရေး၊ FDA၊ စည်ပင်၊ ရဲ၊ ထွေအုပ်များပါဝင်သည့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly