မလေးရှားတွင် သောကြာနေ့ ဝတ်ပြုမှုအပြီး ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ကာ ဒေါ်နယ်ထရမ့်အား ကန့်ကွက်ဆန္ဒပြ

မလေးရှားတွင် သောကြာနေ့ ဝတ်ပြုမှုအပြီး ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ကာ ဒေါ်နယ်ထရမ့်အား ကန့်ကွက်ဆန္ဒပြ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၂။          ။ မွတ်စလင်အများစု မလေးရှားနိုင်ငံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂျေရုဆလင်အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုမှုကို ကန့်ကွက်ဆန့်ကျင်ကာ ဒီဇင်ဘာ ၂၂ ရက် သောကြာနေ့ ဝတ်ပြုမှုအပြီး လူထောင်ပေါင်းများစွာက စုရုံးဆန္ဒပြကြသည်။

အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာရှိ ဗလီကြီးတစ်ခုတွင် စုရုံးကြပြီး ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ဦးဆောင်ကာ အင်အား ၂၀၀၀ ခန့် ဆန္ဒပြကြခြင်းဖြစ်သည်။

ဒီဇင်ဘာ အစောပို်င်းက ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် ထရမ့်က ကြေညာလိုက်ရာ သံတမန်စစ်ပွဲများ ဖြစ်ပွားပြီး ပါလက်စတိုင်းနယ်မြေတွင် အသေအဆုံးရှိသည့် ဆူပူမှုများ ဖြစ်ကာ ဆန္ဒပြမှုများ အနှံ့အပြား ဖြစ်ပွားလာခဲ့သည်။

ယခု မလေးရှားနိုင်ငံက ဆန္ဒပြမှုမှာ ထရမ့်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သော တတိယမြောက် ဆန္ဒပြမှုလည်း ဖြစ်သည်။

ကုလသမဂ္ဂတွင် အမေရိကန်၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း မဲအများစုဖြင့် အတည်ပြုနောက် ထွက်ပေါ်လာသော ဆန္ဒပြမှုလည်း ဖြစ်သည်။

ထရမ့်က ၎င်းတို့နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂတွင် ကန့်ကွက်မဲပေးသော နိုင်ငံများကို ရန်ပုံငွေအကူအညီ ဖြတ်တောက်မည်ဟု ကြိုတင်ခြိမ်းခြောက်ထားသည့်ကြားက ယခုကဲ့သို့ ကုလသမဂ္ဂ နိုင်ငံအများစုက မဲပေးကြခြင်းပဲ ဖြစ်သည်။

ပါလက်စတိုင်းအလံများ ဝှေ့ယမ်းကြလျက် ဆန္ဒပြနေကြသော လူအုပ်အား မလေးရှားဝန်ကြီးချုပ်က အစ္စရေးကို တန်ပြန်ပြီး မွတ်စလင်များ သွေးစည်းညီညွတ်ကြရေး မိန့်ခွန်းပြောဆို တိုက်တွန်းခဲ့သည်။

“လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့ ပါလက်စတိုင်း ထူထောင်ရေး လုံ့လစိုက်ထုတ်မှုများကို ကျွန်တော်တို့ ဆက်လက်ထောက်ကူသွားမယ်။ ဂျေရုဆလင် ဂျူးတို့လက်အောက်က လွတ်မြောက်စေရမယ်။”ဟု နာဂျစ်က ဆန္ဒပြသူများအား ပြောဆိုဆော်သြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly