အကြမ်းဖက်ခံရသော ရခိုင်ဆောင်းပါးရှင် ပြန်လည်ကျန်းမာလာ

အကြမ်းဖက်ခံရသော ရခိုင်ဆောင်းပါးရှင် ပြန်လည်ကျန်းမာလာ

စစ်တွေ၊ ဒီဇင်ဘာ ၂၁ ရက်။         ။ စစ်တွေမြို့လယ် လမ်းမတွင် နေ့ခင်းအချိန် ဓါးစူးချွန်ဖြင့် အထိုးခံခဲ့ရသည့် ရခိုင်ဆောင်းပါးရှင် ကျော်လင်း (ရောင်စုံ) ၏ ဒဏ်ရာမှာ သက်သာစပြုလာပြီး ထပ်မံ တိုက်ခိုက်ခံရမှုများ မကြုံတွေ့နိုင်စေရန် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က  အချိန်ပြည့် လုံခြုံရေးပေးထားသည်။

ကိုကျော်လင်းအား အမည်မသိ ဆိုင်ကယ်စီးသမား နှစ်ဦးက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လုပ်ကြံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိုးသွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့ကာ စစ်တွေပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရသည်။

ယခုအချိန်တွင် ဒဏ်ရာနှင့် ပတ်သက်ပြီး အသက်အန္တရာယ် စိုးရိမ်နိုင်စရာ မရှိတော့သော်လည်း စကားကို ပုံမှန်ပြောနိုင်ခြင်း မရှိသေးသလို အသက်ရှုမဝသဖြင့် အောက်ဆီဂျင်ပေးထားရသည်။

“သက်သာပါပြီ။ အသက်အန္တရာယ်မရှိတော့ဘူး။ ဒါပေမဲ့ဘယ်အချိန်လောက် ဆေးရုံက ဆင်းရမယ်ဆိုတာတော့ မသိရ သေးဘူး” ဟု စစ်တွေပြည်သူ့ဆေးရုံမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက RiA သို့ ပြောသည်။

ကိုကျော်လင်းအား စစ်တွေပြည်သူ့ဆေးရုံတွင် သီးသန့်လူနာအဖြစ် ကုသလျက်ရှိသလို၊ ကုသခံယူနေစဉ် အတောအတွင်း လုပ်ကြံတိုက်ခိုက်သူများက ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ကို ကာကွယ်နိုင်ဖို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေး အစောင့်အရှောက်ဖြင့် ၎င်း၏ အနီးတွင် ၂၄ နာရီပတ်လုံး အချိန်ပြည့် ထားရှိပေးထားပြီး ဆေးရုံ၏ ဝင်ပေါက်၊ ထွက်ပေါက်များတွင်လည်း လုံခြုံရေးချပေးထားသည်။

ယင်းအပြင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့် အဆိုပါ အမည်မသိ ဆိုင်ကယ်စီးသမား နှစ်ဦးကို ဖမ်းဆီးနိုင်ရေး မှုခင်းဖြစ်ရာ အနီးပတ်ဝန်းကျင်ရှိ စီစီတီဗီ (CCTV) ကင်မရာများအား ပြန်လည် စစ်ဆေးလျက်ရှိသည်။

“ အဲဒီနားက CCTV ကင်မရာတွေကို သွားကြည့်တယ်။ ဘာမှတော့ မတွေ့ရသေးဘူး။ ကျော်လင်းတော့ ဆေးရုံမှာ စကားက သိပ်မပြောနိုင်ဘူး။ အောက်ဆီဂျင် ရှှုထားရတယ်။ အားလည်းနာတော့ မမေးခဲ့တော့ဘူး။ သူနဲ့ ဆိုင်ကယ် မောင်းလာတဲ့ ပြည့်ဖြိုးကို အဆက်သွယ်လုပ်နေတယ်” ဟု စစ်တွေမြို့၊ မင်းဂံရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းရွှေက RiA သို့ ပြောသည်။

ကိုကျော်လင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က မင်းဂံရပ်ကွက်ရှိ သူ့နေအိမ်မှ မြို့တွင်းသို့ ထွက်လာစဉ် ဝေသာလီအားကစားကွင်းအနီးသို့ အရောက်တွင် အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးက ကိုကျော်လင်း၏ ဆိုင်ကယ်နှင့် ဘေးချင်းကပ်လျက် ဓါးစူးချွန်ဖြင့် ထိုးသွားခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သတ်၍ စစ်တွေမြို့ရှိ မင်းဂံရဲစခန်းတွင် ပြစ်မှုအမှတ် ၉၉၈/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၁၁၄ တို့ဖြင့် ကိုကျော်လင်း၏ အစ်ကိုဖြစ်သူ ဦးကျော်ဌေးက တရားလိုလုပ်၍ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက အမှု ဖွင့်ထားသည်ဟု မင်းဂံရဲစခန်းမှ သိရသည်။

ကိုကျော်လင်းကို ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီးတို့က လာရောက် အားပေးစကားပြောခဲ့ကြပြီး ၎င်း၏ လုံခြုံရေးကို ဂရုစိုက်ရန်နှင့် ဆေးရုံတွင် သီးသန့်အခန်းဖြင့် ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကိုကျော်လင်းမှာ ကျော်လင်း (ရောင်စုံ) ကလောင်အမည်ဖြင့် DVB သတင်းဌာနတွင် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သလို ဒေသတွင်း မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းဌာနများတွင်လည်း ဆောင်းပါးများ ရေးသားလျက်ရှိပြီး ရိုးမတိုင်းမဂ္ဂဇင်း၏ အယ်ဒီတာချူပ်လည်း ဖြစ်သည်။

ယခုလို လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သူ၏ ဝေဖန်ရေးဆောင်းပါးများနှင့် သက်ဆိုင်နေခြင်း ရှိမရှိကို အတည်မပြုနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly