ကက်တလန်လွတ်မြောက်ရေးထောက်ခံမှုကြောင့် ဂွါဒီယိုလာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး

ကက်တလန်လွတ်မြောက်ရေးထောက်ခံမှုကြောင့် ဂွါဒီယိုလာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး

ဒီဇင်ဘာ ၂၂၊ စပိန် ။                ။ မန်စီးတီးနည်းပြဂွါဒီယိုလာသည် ကက်တလန်ဒေသလွတ်မြောက်ရေးအတွက် လူသိရှင်ကြားထောက်ခံဟောပြောခဲ့သည့်အတွက် စပိန်ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

ကက်တလန်ဒေသတွင် မွေးဖွားပြီး ဘာစီလိုနာအသင်းနှင့်အတူ ကစားသမားဘဝနှင့်ရော နည်းပြဘဝနှင့်ပါအောင်မြင်ခဲ့သည့် ဂွါဒီယိုလာသည် စပိန်နိုင်ငံမှ ကက်တလန်ဒေသလွတ်မြောက်ရေးရရှိမှုအတွက် အပြည့်အဝထောက်ခံသူဖြစ်သည်။

ဂွါဒီယိုလာသည် ပြီးခဲ့သည့်နွေရာသီက လူတစ်ထောင်ခန့်ရှေ့မှောက်တွင် စာတန်းဖတ်ဟောပြောမှုပြုလုပ်ခဲ့သည့်အတွက် စပိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။ ထိုဟောပြောပွဲတွင် ဂွါဒီယိုလာက စပိန်အာဏာပိုင်များအနေဖြင့် ကက်တလန်လွတ်မြောက်ရေးကို အလိုမရှိသော်လည်း ၎င်းအနေဖြင့် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် ကက်တလန်လွတ်မြောက်ရေးအတွက် မဲပေးလိုကြောင်း ပြောကြားခဲ့သည်။

ဂွါဒီိယိုလာသည် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် နည်းပြနေချိန်၌လည်း သူ၏ရင်ဘတ်တွင် ကက်တလန်လွတ်မြောက်ရေးထောက်ခံမှုအဖြစ် အဝါရောင် ဖဲကြိုးပြားလေးကို တပ်ဆင်ထားမှုကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။

ဂွါဒီယိုလာက အဝါရောင်ဖဲကြိုးတပ်ဆင်ခြင်းမှာ ကက်တလန်လွတ်မြောက်ရေးကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံထားရသူနှစ်ဦးအတွက် ဖြစ်ကြောင်း ထို့အတွက် ဖီဖာ၊ ယူအီးအက်ဖ်အေနှင့် ပရီးမီးယားလိဂ်တို့က ၎င်းကို အရေးယူမည်ဆိုပါက အရေးယူနိုင်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly