၂၀၁၈ ဧပြီတွင် ရာထူးမှဆင်းပေးတော့မည့် ကျူးဘားသမ္မတ ရာအူးလ်ကတ်စ်ထရို

၂၀၁၈ ဧပြီတွင် ရာထူးမှဆင်းပေးတော့မည့် ကျူးဘားသမ္မတ ရာအူးလ်ကတ်စ်ထရို

 

ဟာဗားနား၊ ကျူးဘား၊ ဒီဇင်ဘာ ၂၂ ။                  ။ ကျူးဘားနိုင်ငံ၌ ကြာသာပတေးနေ့ကကျင်းပခဲ့သော နိုင်ငံတော်ညီလာခံ၏ မဲခွဲဆုံးဖြတ်ချက်အရ ကျူးဘား သမ္မတ ရာအူးလ်ကတ်စ်ထရိုသည် သူ၏ရာထူးကိုဆက်ခံမည့်သူအား   နိုင်ငံတော်ကောင်စီမှ ရွေးချယ်ပြီးသည် နှင့်တစ်ပြိုင်နက် လာမည့် ၂၀၁၈ ဧပြီလတွင် ရာထူးမှဆင်းပေးတော့မည်ဟု သိရသည်။

ထိုဆုံးဖြတ်ချက်အရ အသက် ၈၆ နှစ်အရွယ်ရှိ ရာအူးလ်ကတ်စ်ထရိုသည် နဂိုခန့်မှန်းထားသည်ထက် နှစ်လခန့် ပိုမို၍ သမ္မတရာထူးကို ထမ်းဆောင်သွားရမည်ဖြစ်သည်။

နဂိုက သူသည် ကွန်မြူနစ်စနစ်ဖြင့်အုပ်ချုပ်သည့် ကျူးဘားနိုင်ငံ၏ ရွေးကောက်ပွဲ ပြက္ခဒိန်ဇယားအတိုင်း လာမည့်ဖေဖေါ်ဝါရီလတွင် ရာထူးမှဆင်းပေးရန် စီစဉ်ထားသော်လည်း လွန်ခဲ့သောစက်တင်ဘာလက ကျူးဘား နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့်အတွက် လူထုသဘောထားစစ်တမ်းအရ ယခုလို အချိန်ထပ်တိုးလိုက်ရခြင်းဖြစ်သည်။

ကျူးဘားသမ္မတရာထူးအား အဖွဲ့ဝင် ၃၁ ဦးပါ၀င်သည့် နိုင်ငံတော်ကောင်စီအဖွဲ့က ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပြီး ထိုကောင်စီ၏အကြီးအကဲဖြစ်သူသည် သမ္မတရာထူးကို ဆက်ခံရမည်ဖြစ်သည်။

သို့သော်လည်း နိုင်ငံတော်ကောင်စီအဖွဲ့ဝင်ဖြစ်လာရန်အတွက် ထိုင်ခုံနေရာပေါင်း ၆၀၀ ခန့်ရှိသည့် အမျိုးသား လွှတ်တော်ထဲ၌ ကနဦးရွေးချယ်ခံရမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်ကို လာမည့်ဧပြီလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ် သွားရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသားလွှတ်တော်အသစ် ပြန်လည်ဖွဲ့စည်းမည့်ရက်ကိုလည်း မကြာခင်တွင် သတ်မှတ်တော့မည်ဟု သိရသည်။

ရာအူးလ်ကတ်စ်ထရိုသည် ကြားဖြတ်ခေါင်းဆောင်အဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့အပြီးတွင် ၂၀၀၈ ခုနှစ် က တရားဝင်သမ္မတဖြစ်လာခဲ့ပြီး သူသည် သမ္မတအဖြစ်ထပ်မံ၍ တာဝန်ထမ်းဆောင်တော့မည်မဟုတ်ကြောင်း ကြေညာထားခဲ့ပြီးပြီဖြစ်သည်။

အကယ်၍ ရာအူးလ်ထွက်ခွာလာခဲ့ပါက ကျူးဘားနိုင်ငံကို ဆယ်စုနှစ် ၆ စုကြာအောင် စိုးမိုးထားခဲ့သည့် ကတ်စ်ထရိုမိသားစု၏အုပ်ချုပ်မှု တစ်ခန်းရပ်သွားမည်ဖြစ်သည်။ ပြီးခဲ့သောနှစ်က ကွယ်လွန်သွားခဲ့သည့် သူ၏ အစ်ကိုဖြစ်သော ဖီဒယ်လ်ကတ်စ်ထရိုသည် လွန်ခဲ့သော ၁၉၅၉ ခုနှစ်က လက်ဝဲတော်လှန်ရေးတစ်ရပ်ဆင်နွှဲ၍ ကျူးဘား၏အာဏာရှင်အစိုးရကိုဖြုတ်ချကာ သမ္မတအဖြစ် တာဝန်ယူအုပ်ချုပ်ခဲ့သည်။

ရာအူးလ်ကတ်စ်ထရို၏ သမ္မတရာထူးကိုဆက်ခံရန်အတွက် သူ၏ဒုတိယသမ္မတဖြစ်သော အသက် ၅၇ နှစ် အရွယ်ရှိ မီဂွယ်ဒိုင်ယက်ဇ်ကာနယ်လ်က ရေးပန်းစားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly