တောင်ကိုရီးယားရှိ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၉ ဦး သေဆုံး

တောင်ကိုရီးယားရှိ ကိုယ်ကာယကြံ့ခိုင်ရေး အားကစားရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၉ ဦး သေဆုံး

 

ဒီဇင်ဘာ ၂၂ ။                     ။ တောင်ကိုရီးယားနိုင်ငံက ကိုယ်ကာယကြံ့ခိုင်ရေး အားကစားရုံ အဆောက်အအုံတစ်ခုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်က မီးအကြီးအကျယ်   လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ၂၉ ဦးနဲ့ ဒဏ်ရာရသူ ၂၆ ဦး ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျယ်ချွန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ယင်း မီးလောင်မှု ဖြစ်စဉ်ဟာ နိုင်ငံမှာ လူအသေအပျောက် အများဆုံးသော မီးဘေးတစ်ရပ် ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ မီးဟာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၀န်းကျင်လောက်မှာ စလောင်ခဲ့တာဖြစ်ပြီး အချိန်ပိုင်းအတွင်းမှာပဲ ရှစ်ထပ် အဆောက်အအုံတစ်ခုလုံးကို မီးက ၀ါးမြိုသွားခဲ့တာကြောင့် လူအများအပြား ပိတ်မိနေခဲ့ပါတယ်။

မီးလောင်မှု ဖြစ်ပွားပြီး ရုပ်အလောင်း ၂၀ ကိုတော့ ယင်းအဆောက်အအုံတွင်းရှိ ချွေးထုတ်ခန်းတစ်ခုမှာ တွေ့ရှိခဲ့ရပြီး ကျန် အလောင်းတွေကိုတော့ ကြံ့ခိုင်ရေး အားကစားရုံ ရှိတဲ့ အထပ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား မီးသတ် အေဂျင်စီက ထုတ်ပြန်ပါတယ်။

" မီးလောင်တော့ အဆိပ်ငွေ့ပါတဲ့ မီးခိုးတွေက လျင်လျင်မြန်မြန်ပဲ ဖုံးလွှမ်းသွားခဲ့ပါတယ်၊ ဒါကြောင့်လည်း လူတော်တော်များများ ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့တာပါ" လို့ အေဂျင်စီ   ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီးလောင်ရာ အဆောက်အအုံတွင်း ဆက်လက်ရှာဖွေရှင်းလင်းမှုတွေကို ကယ်ဆယ်ရေးသမားတွေက ဆောင်ရွက်နေလျက်ရှိပြီး သေဆုံးသူဦးရေလည်းထပ်တိုးလာနိုင်သေးကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

မီးလောင်သွားခဲ့တဲ့ ရှစ်ထပ်အဆောက်အအုံထဲမှာတော့ ကာယကြံ့ခိုင်ရေးအားကစားရုံ၊ ချွေးထုတ်ခန်းနဲ့ စားသောက်ဆိုင်တွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly