တိုးရစ်များအတွက် ကျားဟိန်းဟောက်အောင် အတင်းလုပ်ပေးသဖြင့် ထိုင်းတိရစ္ဆာန်ရုံအပေါ် လူအများ စိတ်ဆိုးဒေါသထွက်

တိုးရစ်များအတွက် ကျားဟိန်းဟောက်အောင် အတင်းလုပ်ပေးသဖြင့် ထိုင်းတိရစ္ဆာန်ရုံအပေါ် လူအများ စိတ်ဆိုးဒေါသထွက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ။         ။ ထိုင်းနို်င်ငံ တိရစ္ဆာန်ရုံတစ်ရုံသည် ကမ္ဘာလှည့်ခရီးသွားတိုးရစ်များအတွက် ကျားတစ်ကောင်ကို ဟိန်းဟောက်လာအောင် ဝန်ထမ်းဖြစ်သူက အကြိမ်ကြိမ် ထိုးဆွပေးသည့် ဗီဒီယိုများ ထွက်ပေါ်လာပြီးနောက် လူအများ စိတ်ဆိုးဒေါသဖြစ်ရကာ ဘုရင့်နိုင်ငံတော် ထိုင်းနိုင်ငံ၏ နာမည်ဆိုးထွက်နေသည့် တိရစ္ဆာန်များ ဗန်းပြခရီးသွားလုပ်ငန်းအပေါ် ဝေဖန်မှုများ အသစ်တစ်ဖန် ဖြစ်ပေါ်လာခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်မှစကာ အွန်လိုင်းပေါ် ရောက်လာခဲ့သည့် အဆိုပါ ဗီဒီယိုသည် လက်ရှိအထိ ကြည့်ရှုသူ တစ်သန်းကျော် ရှိနေသည်။ ပတ္တရားတိရစ္ဆာန်ရုံတွင် အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးက ကမ္ဘာ့လှည့်ခရီးသွားများ ကျားနှင့်အတူ ဓာတ်ပုံတွဲရိုက်ရာတွင် သံကြိုးချည်ထားသော ကျားကို မျက်နှာအား တုတ်ချောင်းတံဖြင့် ထိုးထိုးဆွဆွ ပေးကာ ဟိန်းဟောက်သည့် ပုံရအောင် အကြိမ်ကြိမ် လုပ်နေသည့် ဗီဒီယိုဖိုင်ဖြစ်သည်။

“အဲဒီ ကျားခမျာ တစ်နေကုန် ခုလို ထိုးဆွခံရတာဖြစ်တယ်။ တစ်နေ့ကို ရာပေါင်းများစွာ တုတ်နဲ့ ထိုးပြီး ဟိန်းဟောက်အောင် အလုပ်ခံရတာဖြစ်တယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေက ဟိန်းဟောက်နေတဲ့ ကျားနဲ့ အတူရှိတဲ့ ဓာတ်ပုံကို ရအောင် ခုလို ဝန်ထမ်းဖြစ်သူက လုပ်ပေးနေတာပဲ။”ဟု ဖေ့ဘုတ်ပေါ် ဗီဒီယိုရိုက်ကာ တင်ခဲ့သည့် Wildlife Friends Foundation Thailand တည်ထောင်သူ အက်ဒ်ဝင်းဝတ်က ဆိုသည်။

The Million Years Stone Park and Pattaya Crocodile Farm တိရစ္ဆာန်ရုံ၏ ပြောခွင့်ရသူတစ်ဦးက ယခုဖြစ်ရပ်ကြောင့် ကျားထိန်းဖြစ်တဲ့ အဆိုပါ ဝန်ထမ်းကို အခြားအလုပ်သို့ ပြောင်းရွှေ့လို်က်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။

“ဒီတိရစ္ဆာန်ရုံရဲ့ ပိုင်ရှင်ဟာ အမှန်ပဲ တိရစ္ဆာန်ကို ချစ်မြတ်နိုးသူတစ်ဦးပါ။ သူ့တိရစ္ဆာန်တွေကို အနာတရဖြစ်အောင် ဝန်ထမ်းတွေကို ခွင့်ပြုမယ့်သူ မဟုတ်ဘူး။”ဟု ၎င်းပြောခွင့်ရအမျိုးသမီးက ဆိုသည်။

ခရီးသွားများထံမှ ရရှိမည့် ဒေါ်လာနှင့် ၎င်းခရီးသွားများ၏ တိရစ္ဆာန်များနှင့်တွဲကာ ဆက်ဖီရိုက်လိုကြသည့် စိတ်ကူးထက်သန်မှုများသည် အမြတ်အစွန်းများစေသည့် အကြောင်းများဖြစ်သည်။ ဆင်များကို ခရီးသွားလှည့်လည်ရာတွင် စီးနင်းခွင့်ပေးထားသည့် ထိုင်းနို်င်ငံတွင်းက တောရိုင်းတိရစ္ဆာန်ဗန်းပြ ခရီးသွားလုပ်ငန်းမှာ မျောက်နှင့် ကျားများက ဝင်ငွေဖန်တီးပေးနေသည့် အဓိကတိရစ္ဆာန်များလည်း ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags