ရန်ကုန်၊ဒီဇင်ဘာ၂၁ ။ ။ ဒလမြို့နယ် ကမာကဆစ်ဆိပ်အနီး ခရီးသည်တင်သမ္ဗာန်နစ်မြုပ်မှုမှ ပျောက်ဆုံးလျက်ရှိသည့် သုံးဦးအား တစ်ရက်ကျော်ကြာမြင့်သော်လည်း မတွေ့ရှိရသေးကြောင်း ရန်ကုန်ရေကြောင်းရဲတပ်ဖွဲ့ခွဲရန်ကုန်မှ ရဲမှူးမင်းအေးနိုင်က ပြောသည်။
ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှ မော်တင်သို့ထွက်ခွာမည့် မြင့်မြတ်သဇင် ရေယာဉ်အမှတ် ရ/၁၅ သည် ယမန်နေ့ ဒီဇင်ဘာ၂၀ရက် မနက်၄နာရီခွဲအချိန်၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
"ရှာနေတုန်းဗျ ရှာနေတုန်း ဆိပ်ကြီးခနောင်တို ချောင်းထဲအထိဝင်ပြီး ရှာနေတာဗျာ မတွေ့သေးဘူးပေါ့ဗျာ။ အခုကရှာနေတုန်းပဲ"ဟု ရန်ကုန်ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူးမင်းအေးနိုင်မှ မဇ္စျိမကို ပြောသည်။
၄င်းစက်တပ်သမ္ဗာန်မှာ လူ(၁၄)ဦးတင်ဆောင်ထားပြီး ကမာကဆစ်ဆိပ်ကမ်းရှေ့၌ပင် ဒိုက်(အမှိုက်)များ စက်လှေပန်ကာကိုငြိ၍ ဆင်းရှင်းရာမှ ရေစီးဖြင့်လှေမျောပါကာ အနီးရှိရပ်နားထားသည့် ကုန်တင်တွဲဖြင့်တိုက်မိကာ နစ်မြုပ်ခဲ့သည်။
ခရီးသည်(၁၄)ဦးအနက် (၁၁)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သမ္ဗာန်ယာဉ်မောင်းအပါဝင် (၃)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
ပျောက်ဆုံးသူများမှာ ကမာကဆစ်ရပ်ကွက်နေသူများဖြစ်ကြပြီး သမ္ဗာန်မောင်းသူအပါအဝင် ကျား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ဖြစ်သည်။
ရန်ကုန်-ဒလ မြစ်ကူးရာ၌ ယခုကဲ့သို့ ရေယာဉ်တိမ်းမှောက်မှုများ တစ်နှစ်လျှင် တစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိသည်။