တိုးတက်သော ဒီမိုကရက်တစ်အင်အားစု ဖွဲ့စည်း

တိုးတက်သော ဒီမိုကရက်တစ်အင်အားစု ဖွဲ့စည်း

ရန်ကုန် ဒီဇင်ဘာ ၂၁ ။           ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံ ရေးအင်အားစုများဖြင့် " တိုးတက်သော ဒီမိုကရက် တစ် အင်အားစု" တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

ယနေ့ ဒီဇင် ဘာလ ၂၁ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ရုံးတွင် ပြုလုပ်ခဲ့သည့် "လက်ရှိ နိုင်ငံရေး အခြေအနေဆိုင်ရာ သဘောထားထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲ " တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မြောက် " လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိ နှိုင်းဆွေးနွေးပွဲ " တွင် ယင်းနိုင်ငံရေးအင်အားစု တစ်ရပ် စုစည်းနိုင်ခဲ့သည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

" ဒီဆွေးနွေးပွဲမှာ အဖွဲ့အစည်းအသီးသီးက ဆွေးနွေး ခဲ့ကြပြီး သဘောထားတွေချမှတ်ပြီးတော့ လက် တွေ့ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ အလုပ်သမား ကိစ္စတွေကို ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ငြိမ်းချမ်း ရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လို ဆောင်ရွက် မလဲဆွေးနွေးတယ်။ ဒီလို ဆွေးနွေး ပြီးတဲ့နောက် အဖွဲ့အစည်းအသီးသီးနဲ့ ကွန်ယက် သဘောမျိုး အစုအဖွဲ့သဘောမျိုး အင်အားစုတစ်ခု ဖွဲ့လိုက်တယ်၊ အဲဒီအင်အားစုကို " တိုးတက်သော ဒီမိုကရက်တစ် အင်အားစု" လို့ အမည်ပေးထား တယ်" ဟု ဦးအောင်မိုးဇော်က ပြောသည်။

ယင်းဆွေးနွေးပွဲကို ပြီးခဲ့သည့် သြဂုတ်လတွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခု ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်း များ၊ ဒီမိုကရေစီပညာရေး (ဖယ်ဒရယ် ဒီမိုကရေစီ ပညာရေး) လှုပ်ရှားမှု စသည့်လုပ်ငန်းစဉ်များ ချ မှတ်နိုင်ခဲ့သည်ဟု ဦးအောင်မိုးဇော်က ပြောသည်။

" ဒီဆွေးနွေးပွဲမှာ အထူးသဖြင့်တော့ ဒီနေ့ နိုင်ငံရေး အခြေအနေတွေပေါ့၊ နိုင်ငံရေး အခြေအနေတွေလို့ ပြောတဲ့နေရာမှာ လယ်သမားတွေရဲ့ ပြဿနာတွေ၊ အလုပ်သမားတွေရဲ့ပြဿနာ၊ နောက် တစ်ခုက ယနေ့ဒီမိုကရေစီအရေး ကူးပြောင်းရေး ကိစ္စပြဿနာ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ပြဿနာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ နောက် ဒီနေ့ကာလမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီ ဘောင် တစုံတရာကျဉ်းလာတယ်လို့ ကျွန်တော် တို့ခံစားရတဲ့ကိစ္စ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း ဖြစ်ခဲ့တယ်" ဟု ဦးအောင်မိုးဇော်က ပြောသည်။

ယင်းဆွေးနွေးပွဲအပြီးတွင် နိုင်ငံရေးအဖွဲ့အစည်း ၂၄ ဖွဲ့နှင့် အထူးဖိတ်ကြားထားသော အဖွဲ့အစည်း ၉ ဖွဲ့၊ စုစု ပေါင်း ၃၄ ဖွဲ့တို့ စုပေါင်း၍ "တိုးတက်သော ဒီမိုကရက်တစ်အင်အားစု" ကို ဖွဲ့စည်းခဲ့သည်။ ယင်းအင်အားစုအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ငြိမ်းချမ်းရေးကိစ္စ၊ အလုပ်သမား၊ လယ်သမား ကိစ္စ များကို လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly