ကလေးများသေဆုံးခဲ့သော ပြင်သစ်ဘတ်စ်ကားမတော်တဆဖြစ်မှုအတွက် ယာဉ်မောင်းကိုလူသေမှုဖြင့်တရားစွဲ

ကလေးများသေဆုံးခဲ့သော ပြင်သစ်ဘတ်စ်ကားမတော်တဆဖြစ်မှုအတွက် ယာဉ်မောင်းကိုလူသေမှုဖြင့်တရားစွဲ

 

ပါပစ်ဂ်နန်၊ ပြင်သစ်၊ ဒီဇင်ဘာ ၂၁ ။          ။ ပြီးခဲ့သောအပတ်က ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ရထားလမ်းကူးတစ်ခု၌ မီးရထားတစ်စင်းနှင့် ကျောင်းကြိုပို့ ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ပြီး ကလေးငယ် ၆ ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်အတွက် ဘတ်စ်ကားဒရိုင်ဘာကို လူသေမှုဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း အစိုးရရှေ့နေက ဗုဒ္ဓဟူးနေ့၌ ပြောခဲ့သည်။

အဆိုပါမတော်တဆတိုက်မိမှုအတွင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော အသက် ၄၈ နှစ်အရွယ် မိခင်တစ်ဦးဖြစ် သည့် ကျောင်းကြိုပို့ဘတ်စ်ကား၏ ဒရိုင်ဘာအမျိုးသမီးကို လက်ရှိအချိန်တွင် တရားရေးရာထိန်းချုပ်မှုအောက်၌ ထားရှိထားပြီး ယာဉ်မောင်းခြင်းမပြုရန် တားမြစ်ထားကြောင်း ပြည်နယ်အစိုးရရှေ့နေ ဇာဗီးယားတာရာဘောက် က ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် လွန်ခဲ့သောဒီဇင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းနေ  ကလေးငယ်များကို နေအိမ်မှနေ၍ အရှေ့တောင်ပိုင်းမှ မီလက်စ်ကျေးရွာရှိ စာသင်ကျောင်းသို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးနေစဉ် အမြန်ရထားတစ်စီးနှင့် ၀င်တိုက်မိခဲ့ခြင်းဖြစ်ကာ လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် မီးရထားလမ်းကူးရှိ လုံခြံုရေးအတားအဆီးများ ပွင့်နေသောကြောင့် မောင်းဝင်ခဲ့မိခြင်း ဖြစ်ကြောင်း ယာဉ်မောင်းအမျိုးသမီးက စုံစမ်းစစ်ဆေးသူများကို ပြောခဲ့သည်။

သို့သော်လည်း စုံစမ်းစစ်ဆေးချက်များအရ အဆိုပါအတားအဆီးများကို သေချာပိတ်ထားကြောင်း တွေ့ရှိရသည် ဟု အစိုးရရှေ့နေတာရာဘောက်က ဗုဒ္ဓဟူးနေ့၌ ပြောခဲ့သည်။

နိုင်ငံတော်မီးရထားကွန်ရက် SNCF က မီးရထားလမ်းကူးရှိ လုံခြံုရေးအတားအဆီးများသည် ပုံမှန်အတိုင်း အလုပ်လုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေများကမူ ကွဲလွဲစွာ ထွက်ဆိုခဲ့ကြသည်။

ဒါ့အပြင် ဘတ်စ်ကားဒရိုင်ဘာအမျိုးသမီးနှင့် မီးရထားမောင်းသူတို့ကို အရက်သေစာ သောက်စားထားခြင်းရှိမရှိ သေချာစစ်ဆေးခဲ့သော်လည်း နှစ်ဦးစလုံးမှာ လုံးဝကင်းရှင်းသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းမတော်တဆဖြစ်ရပ်သည် ပြင်သစ်နိုင်ငံ၌ နှစ်ပေါင်း ၃၀ အတွင်းဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံးသော ကျောင်းကြိုပို့ဘတ်စ်ကား မတော်တဆဖြစ်ပွားမှုအတွင်း ပါ၀င်သွားခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly