ထောင်ဖောက်ပြေးသွားခဲ့သည့် အမေရိကန်အကျဉ်းသားကို ငါးရက်အကြာတွင် အင်ဒိုရဲများ ပြန်လည် ဖမ်းမိ

ထောင်ဖောက်ပြေးသွားခဲ့သည့် အမေရိကန်အကျဉ်းသားကို ငါးရက်အကြာတွင် အင်ဒိုရဲများ ပြန်လည် ဖမ်းမိ

ဒီဇင်ဘာ ၂၀ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ရှိ ကာရော့ဘိုကန် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် အမေရိကန် အမျိုးသားကို ယခုအခါ အင်ဒိုရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် ခရစ်တီယန် ဘီစလေ ဆိုသူ ၎င်း အမေရိကန်နိုင်ငံသားကို ထွက်ပြေးလွတ်မြောက်သွားပြီး ငါးရက်အကြာမှ အင်ဒိုရဲများက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်း သည် ယင်းနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးဝါးမှုဖြင့် ထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်စီရင်ချက် ချမည့် အချိန်ကို စောင့်ဆိုင်းနေရသူလည်း ဖြစ်သည်။ ၎င်းသည် ဆေးခြောက် ငါးဂရမ်နှင့်အတူ ပြီးခဲ့သည့် သြဂုတ်လက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဘီစလေသည် အခြားသော အကျဉ်းသားတစ်ဦးနှင့်အတူ ဘာလီကျွန်း အကျဉ်းထောင် အမိုးတစ်ခုကို လွှဖြင့်တိုက်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုတာဝန်ရှိသူများက ပြောသည်။

" သူက သူ့ဆံပင်ကိုတောင် ညှပ်ပြီး ရုပ်ဖျက်ထားခဲ့ပါသေးတယ်၊ ဒါပေမယ့် ကျွန်တေ်ာတို့ သူ့ကို ပြန်ပြီးဖမ်းမိခဲ့ပါတယ်" ဆိုပြီး အင်ဒို ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သည့် မိတ် ပရာမက်စတီယာက ပြောသည်။ ၎င်းနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသည့် အခြားအကျဉ်းသားတစ်ဦးကိုလည်း ပြန်လည်  ဖမ်းမိထားပြီ ဖြစ်သည်။

ဘီစလေအနေဖြင့် ယခုကဲ့သို့ ထောင်မှ ထွက်ပြေးရန် ကြိုးစားခဲ့မှုကြောင့် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်တစ်ခုကို ကျခံရဖို့ရှိနေပြီဖြစ်ကြောင်း အင်ဒိုရဲတပ်ဖွဲ့က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly