လစ်ဗျားမှဒုက္ခသည်များကို ၂၀၁၈တွင် တတိယနိုင်ငံသို့ပို့ဆောင်မည်ဟု ကုလသမဂ္ဂပြောကြား

လစ်ဗျားမှဒုက္ခသည်များကို ၂၀၁၈တွင် တတိယနိုင်ငံသို့ပို့ဆောင်မည်ဟု ကုလသမဂ္ဂပြောကြား

 

ထရီပိုလီ၊ လစ်ဗျား၊ ဒီဇင်ဘာ ၂၀ ။                      ။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီသည် လာမည့်နှစ်တွင် လစ်ဗျားနိုင်ငံအတွင်းမှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပို့ဆောင်သွားမည်ဟု လစ်ဗျားကိုယ်စားလှယ်များက အင်္ဂါနေ့၌ပြောခဲ့ သည်။

“လာမယ့် ၂၀၁၈ မှာ ကျနော်တို့ဟာ ချည့်နဲ့အားနည်းနေတဲ့ဒုက္ခသည် ၅၀၀၀ ကနေ ၁၀၀၀၀ ခန့်ကို တတိယ နိုင်ငံများသို့ ပို့ဆောင်မှာဖြစ်ပါတယ်” ဟု ရောဘတ်တိုမစ်ဂ်နိုနီက ပြောခဲ့သည်။

“ဥရောပနိုင်ငံများ၊ ကနေဒါနဲ့ အခြားနိုင်ငံတွေက ဒုက္ခသည်ဘယ်လောက်များများ လက်ခံနိုင်မလဲဆိုတဲ့အပေါ် မူတည်တဲ့အတွက် ပို့ဆောင်နိုင်မယ့် အရေအတွက်အတိအကျကို ကျနော်တို့မပြောနိုင်သေးပါဘူး” ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်က ပြောခဲ့သည်။

ဥရောပနိုင်ငံများ၌ ဘဝနေထိုင်မှုကောင်းမွန်ရေးအတွက် ရွှေ့ပြောင်းနေထိုင်သူများသည် လစ်ဗျားနိုင်ငံကို ယာယီအကူးအပြောင်းအဖြစ်သတ်မှတ်ကာ အလုံးအရင်းဖြင့်ဝင်ရောက်လာနေသလို လွန်ခဲ့သော ၂၀၁၁ ခုနှစ် ကတည်းက လစ်ဗျား၌ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူမှောင်ခိုကူးသူများက နိုင်ငံအတွင်း၌ မှောင်ခို လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

လစ်ဗျားနိုင်ငံ၌ ကျွန်အရောင်းအဝယ်ပြုလုပ်နေသည့် လူမှောင်ခိုစျေးကွက်၏ ရုပ်သံမှတ်တမ်းကို ပြီးခဲ့သောလ က CNN သတင်းဌာနမှ ထုတ်လွှင့်ခဲ့ပြီးနောက်တွင် လစ်ဗျားအာဏာပိုင်များသည်   ရွှေ့ပြောင်းနေထိုင်သူများ အရေးနှင့်ပက်သက်၍ အကြပ်အတည်းများနှင့်ရင်ဆိုင်နေရသည်။

ပြီးခဲ့သောအပတ်ကလည်း လစ်ဗျားနိုင်ငံ၌သောင်တင်နေသော ဒုက္ခသည် ၁၃၀၀ ခန့်ကို တတိယနိုင်ငံများက ခေါ်ဆောင်ပေးကြရန် ကုသလမဂ္ဂက အရေးတကြီးမေတ္တာရပ်ခံခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက လစ်ဗျားနိုင်ငံ၌ ဒုက္ခသည်ပေါင်း ၄၄၃၀၀ ခန့်ရှိသည်ဟု စာရင်းသွင်းထားပြီး ဒုက္ခသည်အခြေအနေနှင့်ကိုက်ညီသည့် အခြားသော   ရွှေ့ပြောင်းနေထိုင်သူများ ထောင်နှင့် ချီ၍ ကျန်ရှိနေသေးကြောင်း ပြောဆိုထားသည်။

အီရစ်တရီယာနှင့် ဆူဒန်မှ ဒါဖာဒေသခံများ၊ အိုရိုမိုအီသယိုးပီးယန်းများ၊ အီရတ်၊ ဆီးရီးယား၊ ပါလက်စတိုင်း နယ်မြေများနှင့် ဆိုမာလီယာတို့မှလာသူများကို လစ်ဗျား၌ ဒုက္ခသည်အဖြစ်   သေချာပေါက်မှတ်ပုံတင်ပေးထား ကြောင်း မစ်ဂ်နိုနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags