အဖမ်းခံသတင်းသမားနှစ်ယောက်အတွက် သတင်းမီဒီယာကောင်စီ ထုတ်ပြန်ချက်ထုတ်မည်

အဖမ်းခံသတင်းသမားနှစ်ယောက်အတွက် သတင်းမီဒီယာကောင်စီ ထုတ်ပြန်ချက်ထုတ်မည်

ရန်ကုန်၊ဒီဇင်ဘာ၁၉ရက် ။           ။ ရိုက်တာသတင်းဌာနမှ မြန်မာနိုင်ငံသားသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သတ်၍ ဒီဇင်ဘာ၂၀ရက်နေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ချက် ထုတ်သွားမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ၁၉ရက်နေ့ သတင်းမီဒီယာကောင်စီ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို  ဒီဇင်ဘာ၂၀ရက် ညနေ၃နာရီခွဲတွင် ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တစ်ထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel၌ပြုလုပ်သွားမည်ဖြစ်ပြီး တောင်းဆိုချက်များနှင့် လုပ်ဆောင်သွားမည့်အကြောင်းအရာများ ပါဝင်နေသည်။

"ငါတို့ရဲ့ထုတ်ပြန်ချက်မှာ Action ပါတယ် ။အဲဒါတော့ပြောလို့မရသေးပါဘူးကွာ။ ဘာ Action ပါမလဲ ဘာလုပ်မှာလဲ အဲဒါတွေကပြောလို့မရသေးပါဘူးကွာ ။သူများလိုပဲလွှတ်ပေးမလား မလွှတ်ပေးရင်ကန့်ကွက်တယ် အဲဒီလိုမျိုးမဟုတ်ဘူး ။ ငါတို့ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် အဲဒီဟာမျိုး တိတိကျကျပါလာလိမ့်မယ်"ဟု သတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးသီဟစောကပြောသည်။

မြန်မာနိုင်ငံရှိ သတင်းထောက်အဖွဲ့့အစည်းများ၊ သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှလည်း သတင်းထောက်နှစ်ဦးဖမ်းဆီးခံထားရသည့်အပေါ် တောင်းဆိုချက်များ ထုတ်ပြန်လျက်ရှိသည်။

သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်သည် ဥပဒေအရရွေးကောက်တင်မြှောက်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည့်အပြင် မည်သည့်အခကြေးငွေမယူဘဲ ရပ်တည်နေသည့်အတွက် ကွာခြားမှုရှိလိမ့်မည်ဟု အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သတ်၍ ပြည်တွင်းမီဒီယာများသီးသန့်ခေါ်ယူကာ ရခိုင်ပြည်နယ်တွင်းသတင်းရယူနိုင်ရန် ဇန်နဝါရီလ၌ သတင်းမီဒီယာကောင်စီမှ အစိုးရနှင့်ညှိနိူင်းစီစဉ်ပေးသွားမည်ဖြစ်ကြောင်း ဦးသီဟစောကပြောသည်။

"သတင်းအဖွဲ့တစ်ခု Press Council ကနေဦးဆောာင်ပြီးတော့ မောင်တောကိုသွားမယ် ။သွားတဲ့အခါမှာ ပြည်တွင်းသတင်းသမားတွေချည်းပဲ၊ နိုင်ငံခြားသတင်းသမားတွေမပါဘူး ။ မြန်မာလိုရောဘိုလိုရောကောင်းကောင်းရေးနိုင်မယ့်သူ အဲဒါမျိုးတွေနဲ့ခရီးထွက်မယ် ။အဲဒါကနောက်လမှ"ဟု ဦးသီဟစောက  ပြောသည်။

ဒီဇင်ဘာ၁၂ရက်နေ့ညက ရိုက်တာသတင်းဌာနမှ မြန်မာနိုင်ငံသား သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေသည်ထောင်ဒဏ် ၁၄ နှစ်အထိချမှတ်နိုင်သည့် ဥပဒေဖြစ်သည်။

၄င်းတို့နှစ်ဦးမှာ ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြံုရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သတင်းရယူဆောင်ရွက်ခဲ့သည်ဟု ဒီဇင်ဘာ၁၃ရက်နေ့၌ သတင်းနှင့်ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly