ဖမ်းဆီးထားသည့် မြန်မာသတင်းထောက်နှစ်ဦးကို မိသားစုနှင့်တွေ့ခွင့်ပေးရန် ICJ တောင်းဆို

ဖမ်းဆီးထားသည့် မြန်မာသတင်းထောက်နှစ်ဦးကို မိသားစုနှင့်တွေ့ခွင့်ပေးရန် ICJ တောင်းဆို

 

ရန်ကုန်၊ဒီဇင်ဘာ၁၉ ။               ။ မြန်မာနိုင်ငံသား ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည့်နေရာ ထုတ်ဖော်ပြောကြားရန်နှင့် ရှေ့နေများ၊ မိသားစုများနှင့်တွေ့ဆုံခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ )က ဒီဇင်ဘာ ၁၈ရက်နေ့ တွင် တောင်းဆိုထားသည်။

ရိုက်တာသတင်းထောက်နှစ်ဦးမှာ ဒီဇင်ဘာ၁၂ရက်နေ့မှစတင်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ (ဂ)နှင့် ပုဒ်မ ၃၇၆တွင် တရားသူကြီး၏အမိန့်မပါဘဲ မည်သူကိုမျှ ၂၄နာရီထက်ပိုမို ချုပ်နှောင်ခြင်းမပြုနိုင်ပေ။

တရားရုံးများလက်စွဲ ပုဒ်မ ၄၀၃အရ ချုပ်နှောင်ခြင်းခံရသူကို တရားသူကြီးရှေ့မှောက်တွင်သာလျှင် ချုပ်မိန့်ရမာန်ကို ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

သို့သော် အဆိုပါ သတင်းထောက် ၂ဦးမှာ တရားရုံးရှေ့မှောက်သို့ ရောက်ရှိခြင်းရှိ၊ မရှိကိုမူ မသိရှိရသေးကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

“မျှတသောတရားခွင်ဆိုင်ရာအခွင့်အရေးကိုချိုးဖောက်ခြင်းသည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ကို မှေးမှိန်စေပါတယ်။ ထိန်းသိမ်းခြင်းခံရသောသူများအားလုံးသည် ရှေ့နေ၊ မိသားစုဝင်များနှင့် ချက်ခြင်းလက်လှမ်းမီစေနိုင်ရန်အတွက် ခွင့်ပြုရမှာဖြစ်ပါတယ်” ဟု ICJ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ က ပြောကြားခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြံုရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သတင်းရယူဆောင်ရွက်ခဲ့သည်ဟု ဒီဇင်ဘာ၁၃ရက်နေ့၌ သတင်းနှင့်ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် “ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲ့ဒီစာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တနေရာကျတော့မှ အဖမ်းခံရတာ။ လက်ပူးလက်ကြပ် မိရော။ သတင်းထောက်လုပ်ပြီး အဲ့ဒီလောက် ‘အ’ ရသလား။ လျင်ရမယ်လေ” ဟု NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဇင်ဘာ၁၈ရက်နေ့၌ သုံးသပ်ပြောထားသည်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လှို့ဝှက် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးယင်း လျှို့ဝှက်ချက်အက်ဥပဒေ ထောင်ဒဏ် ၁၄ နှစ်အထိချမှတ်နိုင်သည်။

လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကို လျို့ဝှက်ချက် အက်ဥပဒေအပါအဝင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံပိုင်သတင်းဌာနများ၌ သတင်းထောက်နှစ်ဦး၏ ရုပ်ပုံများအား မျက်နှာဖော်ပြကာ အသုံးပြုခဲ့ပြီး ရဲဝန်ထမ်းနှစ်ဦးအား ယခုအချိန်အထိ ဖော်ပြခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly