ချီလီသမ္မတအသစ်အဖြစ် ရွေးချယ်ခံလိုက်ရသည့် ဘီလျံနာသူဌေးကြီး ပီနာရာ

ချီလီသမ္မတအသစ်အဖြစ် ရွေးချယ်ခံလိုက်ရသည့် ဘီလျံနာသူဌေးကြီး ပီနာရာ

 

ဆန်တီယာဂို၊ ချီလီ၊ ဒီဇင်ဘာ ၁၈ ။             ။ ချီလီသမ္မတရွေးကောက်ပွဲ၌ မဲအရေအတွက်တိုက်ခဲ့သဖြင့် တနင်္ဂနွေနေ့၌ ထပ်မံကျင်းပခဲ့သော မဲပေးမှုအပြီး တွင် ထွက်ပေါ်လာသောရလာဒ်များအရ ဘီလျံနာသူဌေးကြီး ဆီဘတ်စတီယန်ပီနာရာသည် သမ္မတအသစ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး လာမည့်နှစ်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ချီလီနိုင်ငံကို လွန်ခဲ့သော ၂၀၁၀ မှ ၂၀၁၄ ခုနှစ်အထိ ဦးဆောင်အုပ်ချုပ်ခဲ့ဖူးသော အသက် ၆၈ နှစ်အရွယ်ရှိ ရှေးရိုးစွဲဝါဒီသူဌေးကြီးသည် မဲအရေအတွက် ၉၈ ရာခိုင်နှုန်းခန့် ရေတွက်ခဲ့အပြီးတွင် စုစုပေါင်းမဲရလာဒ် ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲအာဏာပိုင်များက ကြေညာခဲ့သည်။

ရုပ်သံအစီအစဉ်တက်ဆက်သူအဖြစ်မှ လွှတ်တော်အမတ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ပြီး ရာထူးမှ ထွက်ခွာတော့မည့် လက်ရှိသမ္မတမစ်ရှဲလ်ဘာချီလက်၏ ထောက်ခံမှုကိုရရှိထားသော တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူ အသက် ၆၄ နှစ်အရွယ် အလက်ယန်ဒရိုဂွီလီယာသည် မဲအရေအတွက် ၄၅ ရာခိုင်နှုန်းခန့်သာရရှိခဲ့ပြီး အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ပြင်းထန်တဲ့ရှုံးနိမ့်မှုကို ကြံုတွေ့ခဲ့ရပါတယ်” ဟု ဂွီလီယာက ပြောခဲ့ပြီး ပီနာရာအနေဖြင့် စင်းလုံးချောအောင်ပွဲတစ်ရပ်ကို ရရှိသွားခြင်းဖြစ်သည်ဟု သူက ချီးမွမ်းပြောဆိုခဲ့သည်။

ပီနာရာသည် လာမည့် ၂၀၁၈ ခုနှစ် မတ်လမှစတင်ပြီး ကမ္ဘာ့ထိပ်သီး ကြေးနီအများဆုံးထုတ်လုပ်သည့် ချီလီနိုင်ငံအား ဦးဆောင်မည်ဖြစ်သည်။ သူသည် ပြန်လည်ရွေးကောက်ခံခြင်းမပြုဖို့ တားမြစ်ပိတ်ပင်ခံထားရ သည့် လက်ရှိသမ္မတ မစ္စဘာချီလက်ထံမှ နောက်ထပ်တစ်ကြိမ် ရာထူးလက်ခံသွားမည်ဖြစ်သည်။

ဘာချီလက်နှင့် ပီနာရာတို့သည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်က ဘာချီလက်ပထမဦးဆုံးအကြိမ် သမ္မတတာဝန် စတင်ထမ်းဆောင်စဉ်ကတည်းက သမ္မတရာထူးကို သူတစ်ပြန်ကိုယ်တစ်ပြန် ရယူခဲ့ကြသူများဖြစ်ပြီး ချီလီနိုင်ငံ ၏ နိုင်ငံရေးလောကအတွင်း လက်ဝဲနှင့် လက်ယာဝါဒီများ သက်တမ်းတစ်ကြိမ်စီ ကြီးစိုးခဲ့ကြသည်။

ပီနာရာကိုထောက်ခံသူများသည် သူ၏ရွေးကောက်ပွဲရုံးချုပ်အရှေ့၌ လာရောက်စုဝေးခဲ့ကြပြီး သူ၏အောင်ပွဲခံ မိန့်ခွန်းကိုနားထောင်ကာ အောင်ပွဲခံခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly