ကင်မ်ဂျံုအမ်းကြောင့် မြောက်ကိုရီးယားလူမျိုးများကို ဂါဇာဒေသရှိ စားသောက်ဆိုင်၌ အထူးလျှော့စျေးပေး

ကင်မ်ဂျံုအမ်းကြောင့် မြောက်ကိုရီးယားလူမျိုးများကို ဂါဇာဒေသရှိ စားသောက်ဆိုင်၌ အထူးလျှော့စျေးပေး

 

ဂါဇာစီးတီး၊ ပါလက်စတိုင်းနယ်မြေ၊ ဒီဇင်ဘာ ၁၈ ။                   ။ ဂျေရုစလင်မြို့အား အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့သည့် အမေရိကန်တို့၏ဆုံးဖြတ်ချက်အား   ပြံုယမ်းအစိုးရဘက်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသ ရှိ စားသောက်ဆိုင်တစ်ဆိုင်က ၄င်း၏ဆိုင်သို့ လာရောက်စားသောက်မည့်   မြောက်ကိုရီးယားနိုင်ငံသားများကို သွားရည်ယိုစရာ အထူးလျှော့စျေးပေးခဲ့သည်။

“ကျုပ်တို့ရဲ့ ပါလက်စတိုင်းအရေးကိစ္စမှာ ရပ်တည်ပေးခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျံုအမ်းကို ကျေးဇူးတင်တဲ့အနေနဲ့ မြောက်ကိုရီးယားဖောက်သည်များကို ၈၀ ရာခိုင်နှုန်း   စျေးလျှော့ပေးပါတယ်” ဟု ဂျာဘလီယာဒုက္ခသည်စခန်းမှ ရက်ဘာစားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်သူ ဆာလင်မ်ရက်ဘာက ပြောခဲ့သည်။

သို့သော်လည်း ဂါဇာပြည်ထဲရေးဝန်ကြီးဌာန၏အဆိုအရ ယင်းပါလက်စတိုင်းကမ်းရိုးတန်းဒေသ၌ နေထိုင်သော မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးမှမရှိသလို ယင်းဒေသ၌နေထိုင်သော ပါလက်စတိုင်းလူမျိုးများပင် နိုင်ငံသား ကတ်မရှိကြောင်း သိရသည်။

သို့သော်လည်း ဂျေရုစလင်မြို့နှင့်ပက်သက်၍ချမှတ်ခဲ့သော အမေရိကန်တို့၏ အငြင်းပွားဖွယ်ရာမူဝါဒနှင့် အစ္စရေးတို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့မှုအတွက် ယင်းဒေသအတွင်း ကင်မ်ဂျံုအမ်းကို လေးစားပြီး သဘောကျ နှစ်သက်သူများ ရှိလာခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂျေရုစလင်မြို့အား အစ္စရေးတို့၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်းနှင့် အမေရိကန်သံရုံးကိုလည်း ထိုမြို့သို့ပြောင်းရွှေ့မည်ဟု ကြေညာခဲ့ သည်။

ထို့နောက်တွင် ကင်မ်က ထရမ့်သည် သူငယ်ပြန်နေသော အဖိုးကြီးအိုတစ်ဦးဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့ပြီး သူ၏ဆုံးဖြတ်ချက်သည် အဆင်အခြင်မဲ့ပြီး ယုတ်မာကာ သူတစ်ပါးကို ထိခိုက်နစ်နာစေသော လုပ်ရပ်ဖြစ်သည် ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အစ္စရေးတို့သည် လွန်ခဲ့သော ၁၉၆၇ခုနှစ်က ၆ရက်တာစစ်ပွဲဆင်နွှဲကာ ဂျေရုစလင်မြို့အရှေ့ပိုင်းကို သိမ်းပိုက်ခဲ့ ပြီး ထို့နောက်တွင် မြို့တစ်ခုလုံးအား ၄င်းတို့၏မြို့တော်အဖြစ် ကြေညာခဲ့သည်။ သို့သော်လည်း ပါလက်စတိုင်း တို့က အရှေ့ဂျေရုစလင်ကို သူတို့၏အနာဂတ်မြို့တော်အဖြစ် သတ်မှတ်ထားကြသည်။

ဂါဇာဒေသ၌နေထိုင်သူများအနေဖြင့် အစ္စရေးနိုင်ငံအတွင်းသို့ဝင်ပြီး ဂျေရုစလင်မြို့သို့ သွားရောက်လည်ပတ်ရန် အတွက် ၄င်းတို့၏ကမ်းမြှောင်ဒေသကို ဆယ်စုနှစ်နှင့်ချီ၍ လမ်းကြောင်းပိတ်ဆို့ထားသည့် အစ္စရေးတို့ထံမှ  ရရှိရန်ခက်ခဲသော ခွင့်ပြုချက်ကို အလျင်လျှောက်ထားရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly