လူမှုရေးလုပ်ဆောင်မှုများကြောင့် သရုပ်ဆောင်ဝေဠုကျော် ရခိုင်ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရ

လူမှုရေးလုပ်ဆောင်မှုများကြောင့် သရုပ်ဆောင်ဝေဠုကျော် ရခိုင်ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရ
ဓာတ်ပုံ-ဝေဠုကျော်ဖောင်ဒေးရှင်း

 

ရန်ကုန်၊ ဒီဇင်ဘာလ ၁၆ ။           ။ သရုပ်ဆောင်ဝေဠုကျော်ကို ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ဂုဏ်ဆောင်ဆုအား ၄၃နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ချီးမြှင့်ခဲ့ကြောင်း ဝေဠုကျော်၏ ဖခင်ထံမှ သိရသည်။

 “ ဦးလေးကတော့ ဝမ်းသာတာပေါ့ကွာ။ ၂ဝ၁၆ ခုနှစ်ကလည်း ရခိုင်မှာ အခုလိုပဲ အကြမ်းဖက်မှုဖြစ်တဲ့ အခါမှာ လည်း သားဝေဠုက အခုလိုပဲ သွားပြီးတော့ကူညီခဲ့တယ်။ အခုထပ်ဖြစ်ပြန်တော့လည်း အခုချိန်ထိ ကူညီ ပေးနေတုန်းပေါ့နော်။ ပထမတုန်းကတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အကြမ်းဖက်ခံနေရတဲ့ လူတွေကို တချို့လဲ တောထဲမှာရှိနေတယ်။ သူက သူအဖွဲ့တွေ၊ နောက်ပြီး ရခိုင်ပြည်နယ်က ဦးလေး သားလိုချစ်ရတဲ့ ဝေဟင်အောင်နဲ့ အတူတူ လိုက်ပြီးရှာပြီး ကယ်လာတယ်” ဟု သရုပ်ဆောင် ဝေဠုကျော်၏ ဖခင် ဦးစိုးသိမ်းက မဇ္စျိမသို့ ပြောသည်။

ထိုသို့ အကြမ်းဖက်သမားများတိုက်ခိုက်ခံခဲ့ရသော ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်ဒေသရှိ သရုပ် ဆောင်ဝေဠုကျော်နှင့် ဖောင်ဒေးရှင်းအဖွဲ့မှ တတ်စွမ်းသမျှကူညီပေးခဲ့ခြင်းကြောင်း ယခုကဲ့သို့ ရခိုင်ဂုဏ်ဆောင် ဆုချီးမြှင့်ခြင်းဖြစ်နိုင်ကြောင်း သရုပ်ဆောင်ဝေဠုကျော်၏ဖခင် ဦးစိုးသိမ်းက ဆက်ပြောပြသည်။

“ တချို့ကလည်း ရွာတွေမှာပိတ်မိပြီး စားသောက် စရာမရှိဒုက္ခရောက်နေတယ်။ သူတို့အဖွဲ့လိုက်အားကြိုးမာန် တက်သွားပြီး ကယ်ကြတယ်။ ပြန်ပြီး အခြေအနေကောင်းလာတော့ သူတို့ကို ကယ်ဆယ်ရေးစခန်းကနေ ပြန်ပို့ ကြတယ်။ အခုလည်း ပြန်လည်ထူထောင်ရေးပိုင်းတွေ ဆက်ပြီး ကူညီနေတုန်းဆိုတော့ ဒါကြောင့် ချီးမြှင့်ခံရတာ လို့ ဦးလေးတော့ ထင်တယ်။ အဖေတစ်ယောက်အနေနဲ့တော့ ကိုယ့်သားတစ်ယောက်ခုလို အများအကျိုးကို ကူပေးနေတော့ ဦးလေးလည်း ဒီဖောင်ဒေးရှင်းမှာ နောက်တန်းက ကူညီပေးနေတာပေါ့ကွာ။ ဦးလေးကတော့ သား ကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ အခုလိုရတဲ့ ဆုတံဆိပ်တွေဆိုတာကလည်း သားဝေဠုတစ်ယောက်တည်း ရတဲ့ သဘောမျိုးမဟုတ်ပါဘူး။ အဖွဲ့သားအားလုံးကို ကိုယ်စားပြုပြီးရတဲ့သဘောလည်းပါတယ်။ အထူးသဖြင့် တော့ ဝေဟင်အောင်ပေါ့ကွာ”ဟု ဦးစိုးသိမ်းက ပြောသည်။

သရုပ်ဆောင်ဝေဠုကျော်မှာ ဝေဠုကျော်ဖောင်းဒေးရှင်းအဖွဲ့သားများနှင့် စစ်တွေမြို့မှဒေသခံဖြစ်သူ စာရေးဆရာ ကိုဝေဟင်အောင်နှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မောင်တောဒေသသို့ ပြီးခဲ့သည့် သြဂုတ်လ ၃ဝ ရက်နေ့ ညနေပိုင်းမှ ရောက်ရှိခဲ့ကာ ထိုနေ့မှစပြီး ဒုက္ခရောက်နေသည့် ဒေသခံ ပြည်သူများကို ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly