နယ်သာလန်တွင် လေဆိပ်၌ ဓားကိုင်ရမ်းသူကို ရဲက ပစ်ခတ်ဖမ်း

နယ်သာလန်တွင် လေဆိပ်၌ ဓားကိုင်ရမ်းသူကို ရဲက ပစ်ခတ်ဖမ်း

 

အမ်စတာဒမ်၊ ဒီဇင်ဘာ ၁၆ ။           ။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ လူစည်ကားရာ Schiphol လေဆိပ်တွင် ဒီဇင်ဘာ ၁၅ ရက်က ဓားကိုင်ရမ်းကားသူတစ်ဦးအား ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း ရဲက ပြောသည်။

“လေဆိပ်မှာ ဓားနဲ့ ခြိမ်းခြောက်သောင်းကျန်းနေတဲ့သူကို စစ်ဖက်ရဲအဖွဲ့က ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ အခြေအနေက ဘေးကင်းလုံခြံုပါပြီ။”ဟု စစ်ဖက်ရဲဌာန၏ တွစ်တာစာမျက်နှာတွင် ဖော်ပြသည်။

“ဒီဓားကိုင် ရမ်းကားသူကို ထိန်းချုပ်ဖမ်းဆီးပြီး ခေါ်ဆောင်ထားခဲ့ပြီလည်း ဖြစ်တယ်။”ဟု ယင်းဌာနက ဒုတိယမြောက်တွစ်တာတွင် ဆက်လက်ရေးသားသည်။

မြေအောက်မီးရထားလမ်းဆုံပြီး ပလာဇာတစ်ခုလည်း ရှိရာ ယင်းလေဆိပ်သည် လူစည်ကားထူပြောရာ လေဆိပ်ဖြစ်ပြီး အခင်းဖြစ်ချိန်က လူများအား ဘေးကင်းရာ   ရွှေ့ပြောင်းပေးခဲ့ရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ဂျီယိုမန်းက အေအက်ဖ်ပီသို့ ပြောသည်။

သို့သော် အဆိုပါ လေဆိပ်က နောက်ပိုင်းတွင် တွစ်တာ၌ ရေးသားဖော်ပြထားရာ ပလာဇာက အများပြည်သူအတတွက် ပြန်ဖွင့်ပြီဖြစ်သော်လည်း တစ်ချို့နေရာလေးများတွင် ပိတ်ထားဆဲဖြစ်သည်ဟု ရေးသားထားသည်။

“လေဆိပ်မှာ လေကြောင်းခရီးစဉ်တွေ နှောင့်နှေးသွားတာမျိုးလည်း မဖြစ်ခဲ့ပါဘူး။”ဟု လေဆိပ်က တွစ်တာတွင် ပို့စ်ရေးသားသည်။

Schipol လေဆိပ်သည် ဥရောပတွင် အဓိကလူအစည်ကားဆုံး လေဆိပ်ငါးခုတွင် အပါအဝင်ဖြစ်ကာ ၂၀၁၅ ခုနှစ်အတွင်း ခရီးသည် ၅၈ သန်းရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ခရီးသည် ၆၃ ဒဿမ ၃ သန်းအထိ စံချိန်တင် များပြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly