စင်ကာပူသို့ ဇင်ဘာဘွေ ဖြုတ်ချခံသမ္မတဟောင်း မူဂါဘီ ကျန်းမာရေးစစ်ဆေးရန် သွားရောက်

စင်ကာပူသို့ ဇင်ဘာဘွေ ဖြုတ်ချခံသမ္မတဟောင်း မူဂါဘီ ကျန်းမာရေးစစ်ဆေးရန် သွားရောက်

စင်ကာပူ၊ ဒီဇင်ဘာ ၁၅ ။          ။ ဇင်ဘာဘွေနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်းက သမ္မတ ရာထူးမှ ဖြုတ်ချခံရသည့် အသက် ၉၃ နှစ်ရှိပြီဖြစ်သော မူဂါဘီသည် စင်ကာပူသို့ ကျန်းမာရေးစစ်ဆေးရန် သွားရောက်ပြီဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူဟောင်းက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

မူဂါဘီနှင့် ဇနီးဖြစ်သူ ဂရေ့စ်တို့သည် ဇင်ဘာဘွေတွင် မူဂါဘီ၏ ၃၇ နှစ်ကြာ အာဏာရှင်ဆန်စွာ အုပ်ချုပ်မှုအား စစ်တပ်အာဏာသိမ်းမှုကြောင့် နိဂုံးချုပ်ပြီး နောက်ပိုင်းရာထူးမှ ဖယ်ရှားခံရချိန်ကစကာ လူမြင်သူမြင် မတွေ့ရတော့ခြင်းဖြစ်သည်။

“သူ စင်ကာပူမှာ ရောက်နေတယ်။ အငြိမ်းစားသမ္မတအဖြစ် ပြည်ပခရီးထွက်ခွာခြင်းလည်း ဖြစ်ပါတယ်။ ပြီးတော့ စင်ကာပူက သူ့ရဲ့ ဆရာဝန်တွေနဲ့ သွားပြဖို့လည်း ဖြစ်တယ်။”ဟု   ပြောခွင့်ရသူဟောင်း ဂျော့ချာရမ်ဘာက အေအက်ဖ်ပီသို့ ပြောသည်။

လက်ရှိ သမ္မတ မန်နန်ဂါဝါ၏ ပြောခွင့်ရသူ တာဝန်ကိုပါ ဆက်လက်ထမ်းဆောင်နေသူ ချာရမ်ဘာသည် အစိုးရသစ်က မူဂါဘီအား လေးစားကြောင်း ပြသရန် စိတ်ဆန္ဒရှိနေကြောင်းလည်း ပြောသည်။

“မူဂါဘီကို အရှက်သိက္ခာမဲ့စေမှာ၊ ဝိုင်းဝန်းဖယ်ကြဉ်မှာမျိုး လုပ်မှာ မဟုတ်ပါ။ သူကိုယ်တိုင် သက်ဆင်းကျွံဝင်နေတဲ့ အာဏာစက်အတွင်းက ဆွဲထုတ်ပေးရမှာ ဖြစ်တယ်။ ဒါမှ သူ့နောက်မျိုးဆက် အစိုးရအတွက် ထွက်ပေါက်လည်း ရမှာဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ဇင်ဘာဘွေစစ်တပ်သည် နိုင်ငံအာဏာလွန်ဆွဲပွဲတွင် ကြားဝင်အာဏာသိမ်းကာ နိုင်ငံရေးတွင် ပါဝင်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် မန်နန်ဂါဝါအား သမ္မတအာဏာအတွက် ရွေးချယ်ခဲ့သည်။

မူဂါဘီသည် ၎င်း၏ အရိုက်အရာကို ဆက်ခံသူအဖြစ် ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို ဆက်လက်ထားလိုဟန်ရှိခဲ့ရာမှ မန်နန်ဂါဝါက ပြည်ပသို့ တိမ်းရှောင်နေခဲ့ခြင်းဖြစ်ပြီး   နိုင်ငံရေးမတည်မငြိမ်မှုများ   ပေါ်ပေါက်လာကာ စစ်တပ်က ယခုကဲ့သို့ ကြားဝင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly