အင်းဝအပ်ချုပ်ဆိုင်အမှု အပြီးသတ်အမိန့်ချ၊ အများဆုံး ထောင်ဒဏ် ၁၆ နှစ်ချမှတ်

အင်းဝအပ်ချုပ်ဆိုင်အမှု အပြီးသတ်အမိန့်ချ၊ အများဆုံး ထောင်ဒဏ် ၁၆ နှစ်ချမှတ်

 

ဒီဇင်ဘာ ၁၅ ။                 ။ အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦး နှိပ်စက်ခံရသော အမှုအား ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ အပြီးသတ် အမိန့်ချခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာနှင့် စုမွန်လတ် ၁၆ နှစ်နှင့် တစ်လ  အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ရာဇာထွန်း ၁၃ နှစ်နှင့် ၁လ၊ တင်မင်းလတ် ၉ နှစ်နှင့် ၁ လ အသီးသီး ချမှတ်ခဲ့ကာ  သီရိလတ် နှင့် ဦးကိုလတ် တို့ လွတ်မြောက်ခဲ့သည်။

ဒေါ်တင်​သူဇာနှင့် စုမွန်လတ်​​​အား လူကုန်​ကူး ပုဒ်မ ၂၄ဖြင့် ၁ဝ နှစ်​၊ လူကုန်​ကူး ပုဒ်မ ၂၉ဖြင့် ၁ဝ နှစ်​၊ စုစု​ပေါင်​း တ​ပေါင်​းတည်​း ၁ဝ နှစ်​၊ က​လေးသူငယ်​ ၆၆(ဃ) ၁နှစ်​၊ ရာဇသတ်​ကြီး ၃၂၅- ၅ နှစ်​၊ ရာဇသတ်​ကြီး ၃၄၁- ၁လ၊ စုစု​ပေါင်​း ၁၆ နှစ်​ ၁လ ဖြင့် လည်းကောင်း၊ ရာဇာထွန်​းအား လူကုန်​ကူး ပုဒ်မ ၂၄/၃၂ ဖြင့် ရ နှစ်​၊ က​လေးသူငယ်​ ပုဒ်မ ၆၆(ဃ) ဖြင့် ၁နှစ်​၊ ရာဇသတ်​ကြီး ပုဒ်မ ၃၂၅ဖြင့်  ၅ နှစ်​၊ ရာဇသတ်​ကြီး ပုဒ်မ ၃၄၁ ဖြင့် ၁လ၊ စုစု​ပေါင်​း ၁၃ နှစ်​ ၁လဖြင့် လည်းကောင်း၊ တင်​မင်​းလတ်​အား လူကုန်​ကူးပုဒ်မ  ၂၄/၃၂ ဖြင့် ရ နှစ်​၊ က​လေးသူငယ်​ ပုဒ်မ ၆၆(ဃ) ဖြင့် ၁နှစ်​၊ ရာဇသတ်​ကြီး ပုဒ်မ ၃၂၃ဖြင့်  ၁ နှစ်​၊ ရာဇသတ်​ကြီး ပုဒ်မ ၃၄၁ဖြင့် ၁လ၊ စုစု​ပေါင်​း ၉ နှစ်​ ၁လ ဖြင့် လည်းကောင်း ၊ သီရိလတ်​နှင်​့ ဦးကိုလတ်​အား ကျင်​့ (၂၅၈)၁ အရ အပြီးအပြတ်​လွှတ်​လိုက်ခြင်း ဖြစ်သည်။

ဒေါ်တင်သူဇာမှာ ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်ပြီး သီရိလတ်၊ စုမွန်လတ် နှင့် တင်မင်းလတ်တို့မှာ ဒေါ်တင်သူဇာနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ ဦးကိုလတ်တို့၏ သားသမီး များဖြစ်သည်။ ရာဇာထွန်းမှာ စုမွန်လတ်၏ ခင်ပွန်းတော်စပ်သူဖြစ်ပြီး ဦးကိုလတ်နှင့် သီရိလတ်တို့ အင်းဝအပ်ချုပ်ဆိုင် အမှုနှင့် ပတ်သက်ပြီး ပူးပေါင်းပါဝင်ခဲ့ကြောင်း လုံလောက်သည့် သက်သေအထားမပြနိုင်ခဲ့သဖြင့် အမှုမှ ကျင့် (၂၅၈) ၁ အရ အပြီးအပြတ်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလက ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် ဆယ်ကျော် သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်း ခံနေရသည်ကို မြန်မာနောင်း (Myanmar Now) သတင်းအေဂျင်စီမှ သတင်းထောက်ချုပ် ကိုဆွေဝင်းက စုံစမ်းသိရှိခဲ့ပြီး ကျောက်တံတားရဲစခန်းတွင် အမှု ဖွင့် တိုင်ကြားခဲ့ရာမှ ယင်းအမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်လတ်တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၂၁ ရက် တွင် ကျောက်တံတားရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှတ် (၆) လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှုးမျိုးသိန်းက အင်းဝအပ်ချုပ်ဆိုင်ရှင်(၆) ဦးလုံးကို  လူကုန်ကူးမှု ပုဒ်မ အမှတ် (၂၄/၃၂)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးဖြစ်သည့် ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်ပြီး မစန်းကေခိုင်တွင် လက်ချောင်း ဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊  လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ ရရှိနေပြီး  မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်။

အဆိုပါအမှု တစ်နှစ်ကျော်ကြာ ကြာပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချနိုင်ခဲ့ခြင်းဖြစ်သည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂တွင် ပုဒ်မ ၂၄ သည် ပြစ်ဒဏ် အနည်းဆုံး ၁၀ နှစ် အများဆုံး အနှစ် ၂၀ အထိ ပြစ်ဒဏ်ချနိုင်ကာ ပုဒ်မ  ၃၂ သည် ပူးပေါင်းပါ၀င်မှုဖြစ်၍ ပုဒ်မ ၂၄ အတိုင်း ပြစ်ဒဏ်ချနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly