နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်စခန်းတစ်ခုကို ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ရန်ကြိုးပမ်း

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ စစ်စခန်းတစ်ခုကို ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ရန်ကြိုးပမ်း

 

ကာနို၊ နိုင်ဂျီးရီးယား၊ ဒီဇင်ဘာ ၁၅ ။                  ။ မငြိမ်မသက်ဖြစ်နေသော နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၌ ပြီးခဲ့သောဗုဒ္ဓဟူးနေ့အနှောင်းပိုင်းက ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့သည်   နိုင်ဂျီးရီးယားအစိုးရတပ်၏ စစ်စခန်းကိုသိမ်းပိုက်ရန်ကြိုးပမ်းရာမှ စစ်သား များနှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အစ္စလာမ်မစ်စစ်သွေးကြွများဖြစ်ကြသော ဘိုကိုဟာရမ်တို့သည် ဘော်နိုပြည်နယ်အတွင်းမှ မိုင်နော့ခ်ကျေးရွာရှိ စစ်စခန်းကို တရကြမ်းဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောဆိုခဲ့ကြသည်။

တပ်ကူများရောက်ရှိလာသောကြောင့် စစ်သားများသည် စစ်သွေးကြွများကို တွန်းလှန်နိုင်ခဲ့သော်လည်း ယခုလို မျိုး အစိုးရစစ်စခန်းများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပေါ်ပေါက်လာသောကြောင့် သောင်းကျန်းသူများကို စိုးရွ့ံမှုများ ရှိလာခဲ့သည်။

မိုင်နော့ခ်ကျေးရွာတည်ရှိသော ကာဂါခရိုင်မှ အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ လော်ဝမ်ဘူကာဝါဆာရမ်က ဘိုကိုဟာရမ်စစ်သွေးကြွအများအပြားသည် အင်အားအလုံးအရင်းဖြင့် စစ်စခန်းကိုသိမ်းပိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

“အခုချိန်ထိသိရသလောက်တော့ စစ်သွေးကြွ ၁၄ ဦးသေဆုံးသွားခဲ့ပြီး သူတို့ရဲ့ပစ်ကပ်ကားတွေကို သိမ်းယူ ထားလိုက်ပါတယ်။ အစိုးရစစ်သားတွေဟာ အခြေအနေအားလုံးကို ထိန်းသိမ်းလိုက်နိုင်ပါပြီ” ဟု သူက ပြောခဲ့ သည်။

မိုင်ဒူဂူရီမြို့သို့သွားရောက်ရန် ဆိုင်ကယ်နှင့်ထွက်ခွာလာခဲ့သော မျက်မြင်သက်သေတစ်ဦးဖြစ်သူ မော်တော် ဆိုင်ကယ်သမား လာမီနူအစ်ဆာက သူအပါအဝင် ရာနှင့်ချီသော ဆိုင်ကယ်သမားများသည် တိုက်ခိုက်မှုကြောင့် ပိတ်မိနေခဲ့ကြောင်း ပြောခဲ့သည်။

“ကျနော်တို့ဟာ အနီးအနားမှာရှိတဲ့ ဂျာကာနာရွာထဲမှာ ၀င်ခိုနေခဲ့ရပြီး တိုက်ပွဲပြီးဆုံးတဲ့အချိန်ထိ စောင့်နေခဲ့ရပါ တယ်” ဟု သူက ပြောခဲ့သည်။

“စစ်သွေးကြွတွေဟာ ပစ်ကပ်ကား ၈ စီးနဲ့ ရောက်လာခဲ့ပါတယ်။ သူတို့အဖွဲ့ ကျနော်တို့ဘေးကနေဖြတ်သွားတဲ့ အချိန်မှာ ကျနော်တို့တုန်လှုပ်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာမဟုတ်ဘူး လို့ သူတို့က ပြောခဲ့ပါတယ်။ သူတို့ရဲ့ပစ်မှတ်ဟာ အစိုးရစစ်စခန်းဖြစ်တဲ့အတွက် အရပ်သားတွေကို မထိခဲ့ပါဘူး” ဟု အစ်ဆာက ပြန်လည်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly