ငပလီကမ်းခြေအနီး အများပိုင်မြေရှိ စျေးဆိုင်ခန်းများ ဖျက်သိမ်းရန် ထပ်မံညွှန်ကြား

ငပလီကမ်းခြေအနီး အများပိုင်မြေရှိ စျေးဆိုင်ခန်းများ ဖျက်သိမ်းရန် ထပ်မံညွှန်ကြား
ဖျက်သိမ်းရန် ညွှန်ကြားခြင်းခံထားရသည့် ငပလီအပန်းဖြေစခန်းအနီးက ဈေးဆိုင်ခန်းများ (ဓာတ်ပုံ - RiA)

 

 

ငပလီ၊ ဒီဇင်ဘာလ ၁၄ ရက်။           ။ ငပလီအပန်းဖြေစခန်းနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသည့် စျေးဆိုင်ခန်း များကို ဒီဇင်ဘာလ မကုန်မီ အပြီး ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုတိယအကြိမ် ညွှန်ကြားစာ ထုတ်ပြန််လာသည်။

ငပလီမြို့နယ် ဇီးဖြူကုန်းရပ်ကွက်ရှိ အများပိုင်မြေ ဧရိယာ ၁၈၅ × ၉၅ ပေတွင် ဆောက်လုပ်ထားသည့် အဆိုပါ စျေးဆိုင်ခန်း ၁၆ ခန်းကို တရားမဝင်ဟု ဆိုကာ ဖယ်ရှားပေးရန် ရခိုင်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ငပလီမြို့နယ် အုပ်ချူပ်ရေးမှူးရုံးမှ နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် ယခု ဒီဇင်ဘာ ရ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ ညွှန်ကြားလာခြင်း ဖြစ်သည်။

“ဒီတစ်ကြိမ်လည်း ဖယ်မပေးဘူးဆိုတော့ ကျွန်တော်တို့က အစိုးရအဖွဲ့ကို ပြန်ပြီးတင်ပြသွားမှာပါ။ ဒါကိုဘယ်လို လုပ်ရမလဲဆိုတာကို အထက်ကို တင်ပြပြီး ဆောင်ရွက်သွားမှာပါ။ ” ဟု ငပလီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောသည်။

အဆိုပါ စျေးဆိုင်ခန်းများ တည်ဆောက်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ထို ဆိုင်ခန်းများ ငှားရမ်းမှုမှ ရရှိလာသည့် ဝင်ငွေများကို မည်သည့်နေရာတွင် အသုံးပြုနေသည်တို့ကို မသိရသေးသဖြင့် ဇီးဖြူကုန်းကျေးရွာသားများမှ ဆိုင်ခန်းများ စတင်တည်ဆောက်သည့် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလကတည်းကပင် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

“ ကျွန်တော်တို့ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အများစု သဘောထားကတော့ ဒီ Public ကို Public အတိုင်းပဲ ပြန် လိုချင်တယ်။ အဲဒီမြေပေါ်က ဒေသမှာရှိတဲ့ ဆိုင်ခန်းသမားတွေကလဲ မထွက်ချင်ဘူး။ အများပိုင်မြေမှာ အကျိုးမြတ် ရှာနေတဲ့ သူတွေကလည်း ဖျက်မပေးဘူး။ လယ်ယာမြေ ဥပဒေမှာ အခွန်ပေးပြီး ဒီမြေထဲမှာ နေမယ် ဆိုလို့ရှိရင် မြေယာပိုင်ရှင် အဖြစ် အသိအမှတ်ပြုရမယ်ဆိုတဲ့ ဥပဒေရှိတယ်။ အခုတောင် မထွက်ချင်ဘူး ဆိုရင် နောက်နှစ်တွေကြာလာရင် ဒီမြေတစ်ခုလုံးကို ဒီလူတွေကို ပေးလိုက်ရမှာ။ ဒါကြောင့် သက်ဆိုင်ရာက ထိထိရောက်ရောက် အမြန်ဆောင်ရွက် ပေးချင်ပါတယ်။” ဟု ပြည်ထောင်စု ရခိုင်တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ခရိုင် ဥက္ကဌ ဦးညီလေးက ပြောသည်။

စျေးဆိုင်ခန်းများကို ငပလီမြို့နယ် စည်ပင်ဥက္ကဌနှင့် ဇီးဖြူကုန်းကျေးရွာ အုပ်ချူပ်ရေးမှူးတို့၏ သဘောတူညီ ချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ယခု ဖယ်ရှားရန် ညွှန်ကြားစာအပေါ် ပြည်နယ်အစိုးရသို့ အယူခံတင်ပြထားသည်ဟု ငပလီမြို့နယ်အုပ်ချူပ်ရေးမှူးထံမှ တဆင့် သိရသည်။

“ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ဖက်က ပြန်ပြောထားတာတော့ မရှိသေးပါဘူး။ အစိုးရအဖွဲ့ကို အယူခံ တင်ထားတယ်လို့တော့ ပြောပါတယ်။” ဟု ငပလီမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ငပလီစည်ပင်သာယာရေးအဖွဲ့ မြို့နယ် ဥက္ကဋ္ဌ နှင့် ဇီးဖြူကုန်းကျေးရွာ အုပ်ချူပ်ရေးမှူး တို့ကို မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly