ယီမင်ရှိ အကျဉ်းထောင်ကို ဆော်ဒီဦးဆောင် ညွန့်ပေါင်းတပ်များ ဗုံးကြဲ၍ လူ ၃၅ ဦး သေဆုံး

ယီမင်ရှိ အကျဉ်းထောင်ကို ဆော်ဒီဦးဆောင် ညွန့်ပေါင်းတပ်များ ဗုံးကြဲ၍ လူ ၃၅ ဦး သေဆုံး

 

ဆာနား၊ ဒီဇင်ဘာ ၁၄ ။           ။ ယီမင်နိုင်ငံ မြို့တော် ဆာနားရှိ အကျဉ်းထောင်အား ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူအနည်ဆုံး ၃၅ ဦးသေဆုံးပြီး ၉၀ ဒဏ်ရာရကြောင်း မျက်မြင်သိရှိသူများက အီးပီအေသတင်းသို့ ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားကြောင်း၊ ဟူသီသူပုန်များ အကျဉ်းထောင်အဖြစ် အသုံးချထားသည့် စစ်တန်းလျားများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုအပြီး ဆေးရုံကားများက လူနာများကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်နေကြသည်ကို မြင်တွေ့ရကြောင်း မျက်မြင်များက ဆိုသည်။

နာမည်ထုတ်ဖော် မပြောသည့် အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးကလည်း ယခုအကျဉ်းထောင်တွင် အကျဉ်းသား  ၁၈၀ ရှှိထားပြီး တိုက်ခိုက်မှုအပြီး ကျန်ရှိသူများကို လူမရေတွက်ရသေးကြောင်း အီးပီအေသတင်းသို့ ပြောသည်။

အဆိုပါ အကျဉ်းသားများသည် ယီမင်သမ္မတဟောင်း အလီဆာလက်ရှ်ကို သစ္စာခံသူများ ဟုတ်မဟုတ်ကို မေးမြန်းရာ ၎င်းတာဝန်ရှိသူများက ထပ်တိုးဖြေကြားခြင်း မရှိပေ။ သမ္မတဟောင်း အလီဆာလက်ရှ်သည် ၎င်း၏ မဟာမိတ်များဖြစ်သော ဟူသီသူပုန်များနှင့် တိုက်ပွဲအတွင်း ယခုလအစောပိုင်းက ကျဆုံးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသော သမ္မတဖြစ်သည့် မန်ဆောဟာဒီကို ထောက်ခံသော အာရပ်ညွန့်ပေါင်းတပ်သည် သမ္မတဟောင်း ဆာလက်ရှ် သေဆုံးပြီး နှစ်ရက်အလွန် ယီမင်တွင် ဒီဇင်ဘာ ၆ ရက်မှစကာ ပြင်းထန်သော ထိုးစစ်များကို ဆင်နွှဲနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly